ရန်ကုန်၊ အောက်တိုဘာ ၁၄
ပဲခူးမြို့၌ စံချိန်တင်ရေနစ်မြုပ်ခဲ့မှုကြောင့် လယ်ဧက ငါးသောင်းထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း စပါးစိုက်တောင်သူများ၏ ပြောပြချက်အရ သိရသည်။
ယခုနှစ်တွင် ပဲခူးမြို့၌ ရေနစ်မြုပ်မှု နှစ်ကြိမ်ဖြစ်ပေါ်ခဲ့ပြီး ယခုတစ်ကြိမ်တွင်အဆိုးရွားဆုံးဖြစ်ခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
“ ပထမတစ်ကြိမ်ရေကြီးတုန်းက ဒီလောက်မဆိုဘူး။ အခုတစ်ကြိမ်က တော်တော်ဆိုးတယ်။ မကြုံဖူးဘူး။ စပါးကလည်း ရိတ်သိမ်းခါနီးဖြစ်နေပြီ။ အခုတော့ အားလုံးရေမြုပ်ကုန်ပြီ” ဟု စပါးစိုက်တောင်သူတစ်ဦးက ပြောသည်။
UNDP ထုတ်ပြန်ချက်အရ ပဲခူးဘက်တွက် စိုက်ဧက လေးသောင်းခြောက်ထောင်ကျော်၊ ဒိုက်ဦးတွင် စိုက်ဧက နှစ်သောင်းနီးပါး၊ သနပ်ပင်တွင် စိုက်ဧက နှစ်သောင်းနှစ်ထောင်ကျော်၊ ကဝဘက်တွင် စိုက်ဧက တစ်သောင်းနှစ်ထောင်ကျော်၊ လှည်းကူးဘက်တွင် စိုက်ဧက တစ်သောင်းငါးထောင်ကျော် ပျက်စီးနိုင်ဖွယ်ရှိကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ယခုလိုပြောကြားထားသည်။
“ အခုရေကြီးမှုကြောင့် စပါးစိုက်ခင်းတွေ နစ်မြုပ်မှုရှိတယ်။ ဒါတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာမြို့နယ် အာဏာပိုင်တွေထံမှာ အကူအညီတောင်းခံနိုင်ပါတယ်။ အကုန်လုံးကိုတော့ ပေးနိုင်ချင်မှပေးနိုင်မယ်။ တစ်ရက်နှစ်ရက်အတွင်း အဲဒီကိုသွားဖို့ရှိပါတယ်။” ဟု ၎င်းကဆိုသည်။
သတင်း၊ ဓာတ်ပုံ – စုစု
ရေကြီးမှုကြောင့် ပဲခူးမြို့ရှိ လယ်ဧက ငါးသောင်းထက်မနည်း ပျက်စီးဆုံးရှုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်