ရေကြည်၊ ဖေဖော်ဝါရီ ၂၉
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်တွင် တောင်သူများကိုထုတ်ချေးထားသည့် ကိုဗစ်ချေးငွေများကို မဆပ်ပါကတရားစွဲမည်ဟု ပြန်လည်တောင်းနေခြင်းကြောင့် အခက်အခဲများဖြစ်ပေါ်နေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
အဆိုပါ ကိုဗစ်ချေးငွေ အကြွေးကျန်များကို လာမည့်မတ်လ ပထမအပတ်နောက်ဆုံးထားပေးဆပ်ရန်၊ ပျက်ကွက်ပါက ဖမ်းဆီးပြီး ဘဏ်တည်ဆဲဥပဒေဖြင့် အရေးယူသွားမည်ဟုကျေးရွာအုပ်ချုပ်ရေးမှူးများက အစည်းအဝေးခေါ် ပြောဆိုတောင်းယူနေခြင်းဖြစ်သည်ဟု ရေကြည်မြို့နယ်မှ လယ်သမားတစ်ဦးက ပြောသည်။
“ ကြောက်လို့ ရှာဖွေပေါင်နှံပြီး ဆပ်ကြတဲ့သူတွေလည်းရှိတယ်။ ပြန်မဆပ်နိုင်သူတွေလည်း မနည်းဘူး။ မဆပ်ရင် အရေးယူဖို့ လူကိုဖမ်းရလိမ့်မယ်လို့ပြောတယ်။ စပါးဈေးကောင်းပေမယ့် စပါးအထွက်လျော့တယ်။ စိုက်ပျိုးစရိတ်တွေများလို့ အပြည့်အဝမစိုက်ပျိုးနိုင်ဘူး။ ဒါ့ကြောင့် ပြန်မဆပ်နိုင်သေးတာပါ။” ဟု အထက်ပါ လယ်သမားက ဆက်ပြောသည်။
ထိုသို့ ပြန်လည်ပေးဆပ်ရန် တောင်းခံနေရသည့် ချေးငွေများသည် ၂၀၁၉- ၂၀၂၀ ခုနှစ်အတွင်း ကိုဗစ်ကူးစက်ရောဂါ ဖြစ်ပွားခဲ့ပြီးနောက် ကျဆင်းခဲ့သည့်စီးပွားရေးများ ပြန်လည်ဦးမော့နိုင်ရန်အတွက် လယ်သမားများကို ချေးပေးခဲ့သည့် အထူးချေးငွေဖြစ်သည်ဟု ဒေသခံတောင်သူ နောက်ထပ်တစ်ဦးက ပြောသည်။
“ စပါးဈေးကောင်းတာပဲ သိကြတာ။ တောင်သူတွေက အကြွေးပတ်လည်ဝိုင်းနေတာ။ အရင်က စပါးဈေးအခုလောက်မကောင်းပေမယ့် အဆင်ပြေတယ်။ အခုက ချေးငွေကိစ္စနဲ့ တော်တော်ကို အဟောက်တာခံနေရတာ။ ပြောသွားသေးတယ် ဆပ်ဖြစ်အောင်ဆပ်ကြ အရေးယူခံရလိမ့်မယ်။ အခုတစ်ခါကတော့ ညှာနေမှာမဟုတ်ဘူးလို့ ပြောသေးတယ်။” ဟု၎င်းက ဆက်ပြောသည်။
အဆိုပါချေးငွေကို ပြန်လည်ပေးဆပ်ရမည့် ကာလသတ်မှတ်ထားခြင်း မရှိသော်လည်း လက်ရှိအစိုးရလက်အောက်ခံ စိုက်/ဘဏ်ဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များက ပြန်လည်တောင်းယူနေခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
ရေကြည်မြို့နယ်တွင် ယခင်နှစ်မိုးစပါးများ စတင်စိုက်ပျိုးချိန်က ဓါတ်မြေဩဇာများ အဆမတန်ဈေးတက်ခဲ့ခြင်း၊ ဒီဇယ်၊ ဓါတ်ဆီများဈေးတက်ပြီး ဝယ်မရသည့်အထိဖြစ်ခဲ့ပြီး စပါးအပင်ဖျက် ရွှေခရုများကျရောက်ခဲ့ခြင်း စသည့်အခက်ခဲ အကျပ်တည်းများဖြင့်ရင်ဆိုင်ခဲ့ရပြီး တောင်သူအများအရှုံးပေါ်ခဲ့ကြရကြောင်း သိရသည်။
ခန့်ခန့်
ဓာတ်ပုံ- CJ
ယနေ့ခေတ်
ရေကြည်မြို့နယ်တွင် ကိုဗစ်ချေးငွေများ ပြန်လည်ပေးဆပ်ရန် တောင်းခံနေသဖြင့် ဒေသခံများ အခက်အခဲဖြစ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်