ရုရှား၊ အီရန်၊ တရုတ်နိုင်ငံတို့ပူးပေါင်းပြီး သုံးနိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများ ပြုလုပ်မည်

မော်စကို၊ မတ် ၁၂

ရုရှားနိုင်ငံသည် အမေရိကန်ဦးဆောင်သော အနောက်အုပ်စုနိုင်ငံများနှင့် တင်းမာမှုအရှိန်မြင့်တက်နေချိန်တွင် တရုတ်၊ အီရန်နိုင်ငံတို့နှင့်ပူးပေါင်းပြီး ယခုသီတင်းပတ်အတွင်းတွင် အာရေဗျပင်လယ်အတွင်းတွင် ရေကြောင်းပူးတွဲလေ့ကျင့်ခန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်၊ ရုရှားနှင့် အီရန်နိုင်ငံတို့ပူးပေါင်းပြီး ရေကြောင်းလုံခြုံရေးအတွက် ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများကို မတ်လ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ရေးလေ့ကျင့်ခန်းတွင် တရုတ်၊ ရုရှား၊ အီရန်နိုင်ငံတို့မှ လေယာဉ်များ၊ စစ်သင်္ဘောများပါဝင်သွားမည်ဖြစ်ပြီး၊ အဇာဘိုင်ဂျန်၊ အိန္ဒိယ၊ ကာဇက်စတန်၊ အိုမန်၊ ပါကစ္စတန် နှင့် တောင်အာဖရိကနိုင်ငံတို့မှ ကိုယ်စားလှယ်များ လေ့လာသူအဖြစ်တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက “ သုံးနိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို အာရပ်ဘီယံပင်လယ်နဲ့ အိုမန်ပင်လယ်ကွေ့တွေမှာ ပြုလုပ်သွားမှာပါ။ အဲဒီစစ်ရေးလေ့ကျင့်ခန်းတွေဟာ ရေကြောင်းစီးပွားရေး ဘေးကင်းလုံခြုံမှုဖြစ်လာစေဖို့ ရည်ရွယ်လုပ်ဆောင်တာဖြစ်ပါတယ်။” ဟု ပြောသည်။

အဆိုပါ စစ်ရေးလေ့ကျင့်ခန်းအတွင်း ရုရှားနိုင်ငံ၏ ပစီဖိတ်ဒေသ စစ်သင်္ဘောအဖွဲ့တွင်ပါဝင်သော Slava-class guided missile cruiser Varyag စစ်သင်္ဘောနှင့် Udaloy-class frigate Marshal Shaposhnikov စစ်သင်္ဘောအဖြစ် ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း သိရသည်။

တရုတ်ကာကွယ်ရေးဝန်ကြီးဌာနကလည်း ပဲ့ထိန်းဒုံးကျည်တပ်ဆင်ထားသော ဖျက်သင်္ဘာအမျိုးအစားဖြစ်သည့် Urumqi နှင့် ပဲ့ထိန်းဒုံးကျည်တပ်ဆင်ထားသည့် Linyi နှင့် Dongpinghu အမည်ရှိ စစ်သင်္ဘောများကို စေလွှတ်မည်ဖြစ်ကြောင်း သိရသည်။

အီရန်နိုင်ငံက ရဟတ်ယာဉ်များ၊ စစ်သင်္ဘောများကို ပူးပေါင်းပါဝင်သွားမည်ဖြစ်ကြောင်း သိရသည်။

ရုရှား၊ တရုတ်နှင့် အီရန်နိုင်ငံတို့သည် ၂၀၁၉ ခုနှစ်တွင် ရေကြောင်းပူးတွဲစစ်ရေးလေ့ကျင့်ခန်းများကို စတင်ခဲ့ပြီး၊ ၂၀၂၁ ခုနှစ်တွင်ကျင်းပသော ပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို တရုတ်နိုင်ငံပါဝင်ခဲ့ခြင်းမရှိခဲ့သော်လည်း ယင်းနောက်ပိုင်းကျင်းပခဲ့သော သုံးနိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

ကောင်းထက်ငွေ

scmp.com/news

ရုရှား၊ အီရန်၊ တရုတ်နိုင်ငံတို့ပူးပေါင်းပြီး သုံးနိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများ ပြုလုပ်မည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.