ဝါရှင်တန်၊ မေ ၇
အမေရိကန်နိုင်ငံ၊ ဗြိတိန်နိုင်ငံတို့အပြင် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် ရုရှားသမ္မတပူတင်၏ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ရန် ကိုယ်စားလှယ်များစေလွှတ်မည်မဟုတ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။
ရုရှားသမ္မတ ပူတင်သည် မေလ ၇ ရက်နေ့တွင် နိုင်ငံသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုသွားမည်ဖြစ်ရာ နိုင်ငံသမိုင်းတွင် သမ္မတအဖြစ်နှစ်ပေါင်း ၂၀ ကျော်ကြာ တာဝန်ယူခွင့်ရသူဖြစ်လာခဲ့ကြောင်း သိရသည်။
ပူတင်သည် မတ်လကကျင်းပခဲ့သော သမ္မတရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဆန္ဒမဲစုစုပေါင်း၏ ၈၇ ရာခိုင်နှုန်းကျော် လက်ခံရရှိခဲ့ကြောင်း သိရ သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သရူးမီလ်လာက “ အသက် ၇၁ နှစ်အရွယ်ရှိ သမ္မတပူတင်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ဖို့ ကိုယ်စားလှယ်တွေစေလွှတ်မှာမဟုတ်ဘူး။ ရုရှားသမ္မတရွေးကောက်ပွဲက လွတ်လပ်မျှတမှုမရှိဘူး၊ ပူတင်ဟာ ရုရှားသမ္မတဖြစ်တဲ့အတွက် သူရဲ့လုပ်ပိုင်ခွင့်ကို သက်တမ်းတိုးချဲ့နိုင်အောင် ကြိုးပမ်းခဲ့တယ်။” ဟု ပြောသည်။
ဗြိတိန်၊ ကနေဒါနိုင်ငံတို့ကလည်း ၎င်းတို့သည် သမ္မတပူတင်၏ ကျန်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ရန် ကိုယ်စားလှယ်စေလွှတ်မည်မဟုတ်ကြောင်း ပြောသည်။
ထိုအပြင် ဥရောပသမဂ္ဂကလည်း ၎င်းတို့သံအမတ်ကြီးသည် ရုရှားသမ္မတပူတင်၏ သမ္မတအဖြစ် ထပ်မံကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်မည်မဟုတ်ကြောင်း ပြောသည်။
ရုရှားသမ္မတ ပူတင်သည် ရုရှားနိုင်ငံ၏သမ္မတအဖြစ် ငါးကြိမ်တိုင်ဆက်လက်တာဝန်ယူခွင့်ရမည်ဖြစ်ပြီး ၎င်းသည် ရုရှားနိုင်ငံသမ္မတအဖြစ် ၂၀၃၀ ခုနှစ်အထိ ဆက်လက်တာဝန်ယူခွင့်ရမည်ဖြစ်သည်။
ယူကရိန်းစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း ရုရှားနှင့် အနောက်အုပ်စုနိုင်ငံများကြား ဆက်ဆံရေးတင်းမာမှုရှိနေခဲ့ကြောင်း သိရသည်။
ကောင်းထက်ငွေ
aljazeera.com/news
ရုရှားသမ္မတပူတင်၏ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲကို အမေရိကန်အပါအဝင် အနောက်အုပ်စုနိုင်ငံများက ကိုယ်စားလှယ်များစေလွှတ်မည်မဟုတ် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်