မော်စကို၊ မေ ၁၆
ရုရှားသမ္မတ ပူတင်သည် ပြီးခဲ့သောရက်ပိုင်းက ရာထူးမှထုတ်ပယ်ခဲ့သော ကာကွယ်ရေးဝန်ကြီးနေရာတွင် အန်ဒရီ ဘီလောဆော့ဗ်ဆိုသူကို မေလ ၁၅ ရက်နေ့က ကာကွယ်ရေးဝန် ကြီးအသစ်အဖြစ် အစားထိုးခန့်အပ်လိုက်ကြောင်း သိရသည်။
ဘီလော့ဆောဗ့်သည် ရုရှားသမ္မတပူတင်နှင့် ပုဂ္ဂိုလ်ရေးရင်းနှီးသူဖြစ်ပြီး ပူတင်ကို ရုရှားနိုင်ငံစီးပွားရေးနှင့်ပတ်သက်ပြီး ကာလအတန်ကြာ အကြံပေးနေခဲ့သူဖြစ်ကြောင်း သိရသည်။
ရုရှားလွှတ်တော်သည် ရာထူးမှထုတ်ပယ်လိုက်သော ကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုဂူးနေရာတွင် ဘီလော့ဆောဗ်ဆိုသူကို အစားထိုးရန် ခွင့်ပြုပေးလိုက်ပြီးနောက် သမ္မတပူတင်က ဘီလော့ဆောဗ့်အား ကာကွယ်ရေးဝန်ကြီးအသစ် ခန့်အပ်သောအမိန့်ကို ထုတ်ပြန်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကာကွယ်ရေးဝန်ကြီးဟောင်း ဆာဂေးရှိုဂူးသည် ရုရှားကာကွယ်ရေးဝန်ကြီးအဖြစ် ၁၂ နှစ်ကြာတာဝန်ယူခဲ့ပြီးနောက် ရာထူးမှဖယ်ရှားခံရခြင်းဖြစ်ကာ၊ ရုရှားအမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးရာထူးကို တာဝန်ယူရန်ပြောင်းလဲခန့်အပ်ခံရကြောင်း သိရသည်။
ကာကွယ်ရေးဝန်ကြီးအသစ်နှင့် ကာကွယ်ရေးဝန်ကြီးအဟောင်းတို့သည် ယခုသီတင်းပတ်အတွင်း တရုတ်နိုင်ငံသို့သွားရောက်မည့် ရုရှားသမ္မတပူတင်၏ ခရီးစဉ်တွင်လိုက်ပါသွားဖွယ်ရှိနေသည်။
ရုရှားသည် လက်ရှိအချိန်တွင် ယူကရိန်းဒေသများကို ကြီးမားသောထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်လာခဲ့ပြီးနောက် ရုရှားကာကွယ်ရေးဝန်ကြီးကို အပြောင်းအလဲလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ရုရှားသည် ယူကရိန်းကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အထူးစစ်ဆင်ရေးတိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်အထိ နှစ်နိုင်ငံကြား အပစ်ခတ်ရပ်စဲရေး ရယူနိုင်ခြင်းမျိုးမရှိသေးကြောင်း သိရသည်။
ကောင်းထက်ငွေ
rt.com
Photo: Candidate for Russian Defence Minister Andrei Belousov
ရုရှားသမ္မတက ထုတ်ပယ်ခဲ့သော ရုရှားကာကွယ်ရေးဝန်ကြီးနေရာတွင် အသစ်တစ်ဦး ထပ်မံခန့်အပ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်