ရုရှားသည် ကုလသမဂ္ဂ၏ ပိတ်ဆို့မှုချမှတ်ခြင်းကိုဖီဆန်ပြီး မြောက်ကိုရီးယားကို ရေနံစည်ပေါင်း သန်းနှင့်ချီပေးပို့

မော်စကို၊ နိုဝင်ဘာ ၂၃

ရုရှားသည် အနောက်အုပ်စုနိုင်ငံများ၏ ပစ်မှတ်ထားပိတ်ဆို့ခြင်းခံထားရသော မြောက်ကိုရီးယားနိုင်ငံကို ရေနံစည်ပေါင်း သန်းနှင့်ချီပြီး ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ရုရှားသည် မြောက်ကိုရီးယားနိုင်ငံကို ယခုနှစ်မတ်လနောက်ပိုင်းတည်းက ရေနံစည်ပေါင်း သန်းနှင့်ချီပြီး ကူညီထောက်ပံ့ပေးခဲ့ကြောင်း ဗြိတိန်နိုင်ငံအခြေစိုက် သုတေသီအဖွဲ့စည်းတစ်ခုဖြစ်သော Open Source Centre  က ဖော်ပြထားသည်။

အဆိုပါရေနံများ လွှဲပြောင်းပေးခြင်းသည် မြောက်ကိုရီးယားနိုင်ငံအပေါ်ချမှတ်ထားသည့် ကုလသမဂ္ဂ၏ဆုံးဖြတ်ချက်ကို ချိုးဖောက်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

Open Source Centre က မြောက်ကိုရီးယားနိုင်ငံ၏ ရေနံတင်သင်္ဘောအမျိုးမျိုးသည် ရုရှားနိုင်ငံအရှေဘက်ရှိ ရေနံသိုလှောင်ကန်များကို ရောက်ရှိခဲ့ပြီး၊ ပြီးခဲ့သော ၈ လအတွင်း အနည်းဆုံး ၄၃ ကြိမ်လာရောက်ကာ ရေနံများယူဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

မြောက်ကိုရီးယားသင်္ဘောများ ရုရှားဆိပ်ကမ်းသို့လာရောက်ချိန်တွင် သင်္ဘောထဲတွင် ဘာတစ်မှမပါသော်လည်း သင်္ဘောပြန်ထွက်သွားချိန်တွင် ရေနံစည်အပြည့်ပါသွားခဲ့ကြောင်း Open Source Centre  အဖွဲ့က ဖော်ပြထားသည်။

မြောက်ကိုရီးယားနိုင်ငံသည် ကမ္ဘာရေနံဈေးကွက်တွင် ရေနံများတင်သွင်းဝယ်ယူခွင့်မရှိသောနိုင်ငံအဖြစ်  ပိတ်ပင်ကန့်သတ်ခံထားရသော နိုင်ငံဖြစ်ကြောင်း သိရသည်။

Open Source Centre အဖွဲ့သည် ပြီးခဲ့သောမတ်လကလည်း မြောက်ကိုရီးယားနိုင်ငံသည် ရုရှားကို စစ်လက်နက်ပစ္စည်းများ ပို့ဆောင်ပေးနေသည်ဟု ဂြိုလ်တုမှတ်တမ်းများကိုအခြေခံကာ ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားသင်္ဘောများသည် မြောက်ကိုရီးယားစစ်သားထောင်ချီကိုတင်ဆောင်ကာ ရုရှားနိုင်ငံသို့သွားရောက်ရန် ပို့ဆောင်ပေးခဲ့ကြောင်း နိုဝင်ဘာလအစောပိုင်းတွင် သတင်းများထွက်ပေါ်ခဲ့သည်။

Open Source Centre အဖွဲ့၏ သုတေသီတစ်ဦးဖြစ်သော ဂျိုးဘရိုင်ယမ်က “ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်ဟာ ယူကရိန်းနဲ့ ရုရှားနိုင်ငံကြားဖြစ်ပွားနေတဲ့ စစ်ပွဲကာလတစ်လျှောက်လုံး ရုရှားသမ္မတ ပူတင်ကို ကူညီထောက်ပံ့ပေးခဲ့တယ်။ အပြန်အလှန်အနေနဲ့ ရုရှားကလည်း မြောက်ကိုရီးယားကို ၎င်းတို့ပိုင်ဆိုင်မှုတွေ ပြန်လည်မျှဝေပေးခဲ့တယ်။” ဟု ပြောသည်။

ကောင်းထက်ငွေ

bbc.com

ရုရှားသည် ကုလသမဂ္ဂ၏ ပိတ်ဆို့မှုချမှတ်ခြင်းကိုဖီဆန်ပြီး မြောက်ကိုရီးယားကို ရေနံစည်ပေါင်း သန်းနှင့်ချီပေးပို့ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.