ဝါရှင်တန်၊ ဇွန် ၂၂
အမေရိကန်အစိုးရက မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံကြား ကာကွယ်ရေးသဘောတူညီချက်များချုပ်ဆိုခဲ့ခြင်းသည် အမေရိကန်နိုင်ငံအတွက် စိုးရိမ်စရာကောင်းကြောင်း၊ သို့သော်လည်း အံအားသင့်စရာမျိုးတော့မဟုတ်ကြောင်း ပြောသည်။
အမေရိကန်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘိုင်က အမေရိကန်အစိုးရအနေဖြင့် သုံးနှစ်ကျော်ကာလအတွင်း အင်ဒိုပစီဖိတ်ဒေသတွင် မဟာမိတ်များ၊ မိတ်ဖက်နိုင်ငံများနှင့် ဆက်ဆံရေးပိုမိုအားကောင်းအောင် တည်ဆောက်နိုင်ခဲ့ကြောင်း ပြောသည်။
ဂျွန်ကာဘိုင်က “ ရုရှားနဲ့ မြောက်ကိုရီးယားနိုင်ငံကြား ကာကွယ်ရေးစာချုပ်ချုပ်ဆိုခဲ့တာဟာ အံအားသင့်စရာတော့မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ထောက်လှမ်းရေးအချက်တွေအရမြောက်ကိုရီးယားနဲ့ ရုရှားနိုင်ငံတို့ဟာ လပေါင်းများစွာကြာ ကာကွယ်ရေးပိုင်းနဲ့ပတ်သက်ပြီး ဆက်ဆံရေးကောင်းအောင် လုပ်ဆောင်ခဲ့တာကို သိပါတယ်။ ကျွန်တော်တို့ဟာ မြောက်ကိုရီးယားနိုင်ငံက ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားကို လက်နက်တွေကူညီပံ့ပိုးပေးနေတာတွေ၊ လွှဲပြောင်းပေးနေတာတွေကို လူသိရှင်ကြားသတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီနှစ်နိုင်ငံကြား ကာကွယ်ရေးနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်တာက စိုးရိမ်စရာတော့ဖြစ်စေတယ်။” ဟု မှတ်ချက်ပြုပြောဆိုသည်။
ရုရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် နျူကလီးယားလက်နက် အများဆုံးပိုင်ဆိုင်ထားသောနိုင်ငံဖြစ်ပြီး မြောက်ကိုရီးယားနိုင်ငံကိုလည်း စစ်ဘက်သုံးဂြိုလ်တု အောင်မြင်စွာလွှတ်တင်နိုင်ရန် ကူညီပေးခဲ့ဖူးကြောင်း သိရသည်။
ရုရှားသမ္မတပူတင်က “ မြောက်ကိုရီးယားနိုင်ငံဟာ အချုပ်အခြာအာဏာပိုင်ဆိုင်တွေကနေ အမေရိကန်နိုင်ငံရဲ့ရန်စမှုတွေကို ကာကွယ်ဖို့ အခွင့်ရေးရှိပါတယ်။ အခြားတစ်နိုင်ငံရဲ့ကျူး ကျော်မှုရန်ကနေ ကာကွယ်ရာမှာ အပြန်အလှန်ကူညီပေးဖို့ မြောက်ကိုရီးယားနဲ့ ရုရှားနိုင်ငံကြား အပြန်အလှန်ကူညီပေးဖို့ သဘောတူညီခဲ့တယ်။” ဟု ပြောသည်။
ရုရှားသမ္မတပူတင်က အနောက်အုပ်စုနိုင်ငံတွေကို တိုက်ခိုက်လိုနေတဲ့ မြောက်ကိုရီးယားနိုင်ငံအပါအဝင် တခြားနိုင်ငံတွေကို စစ်လက်နက်ပစ္စည်းတွေ ကူညီပံ့ပိုးပေးမယ့်အစီအစဉ်တွေကို ငြင်းပယ်ထားလို့မရဘူး။ အနောက်အုပ်စုနိုင်ငံတွေ ဘယ်မှာအဆုံးသတ်မလဲ စဉ်းစားရမယ့်အချိန်ဖြစ်ပါတယ်။” ဟု ပြောသည်။
ကောင်းထက်ငွေ
channelnewsasia.com
ရုရှားနှင့် မြောက်ကိုရီးယားနိုင်ငံကြား ကာကွယ်ရေးသဘောတူညီမှုစာချုပ်ကို အမေရိကန်အစိုးရ စိုးရိမ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်