ရုရှားနှင့်ဖြစ်လာနိုင်သော တိုက်ရိုက်စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားရန် နေတိုးနိုင်ငံများကို အမေရိကန်စစ်ဘက် သတိပေး

ပင်တဂွန်၊ မတ် ၁

ရုရှားနှင့် နေတိုးမဟာမိတ်အုပ်စုကြား တိုက်ရိုက်စစ်ပွဲဖြစ်လာနိုင်ဖွယ်ရှိနေသည့်တွက် နေတိုးအဖွဲ့တွင်ပါဝင်နေသော ဥရောပအရှေ့ပိုင်းရှိနိုင်ငံများသည် စစ်ပွဲအတွက် ယခုတည်းက ကြိုတင်ပြင်ဆင်ရမည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုင်အော်စတင်က ထုတ်ဖော်သတိပေးခဲ့သည်။

ရုရှား၏တိုက်ခိုက်မှုများကို ဟန့်တားနိုင်ရန်အတွက် ယူကရိန်းသို့ နေတိုးအဖွဲ့ဝင်များစေလွှတ်မည်ဟု ပြင်သစ်သမ္မတ မက်ခရွန်က ပြီးခဲ့သောရက်ပိုင်းတွင် ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် နေတိုးနှင့် ရုရှားအုပ်စုကြား တင်းမာမှုအရှိန် မြင့်တက်နေချိန်တွင် အမေရိကန်ကာကွယ်ရေးဝန်ကြီးက သတိပေးပြောဆိုလိုက်ခြင်းဖြစ်သည်။

ရုရှားသည် ယူကရိန်းတပ်ဖွဲ့များကို အနိုင်ရပြီးနောက် ကျူးကျော်မှုများကို ရပ်တန့်မည်မဟုတ်ကြောင်း၊ အမေရိကန်လွှတ်တော်အမတ်များအနေဖြင့် ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး ကူညီထောက်ပံ့ပေးနိုင်ရန် ဘတ်ဂျက်ငွေကြေးများကို ထပ်မံကူညီထောက်ပံ့ပေးစေလိုကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးက အမေရိကန်လွှတ်တော်၏ လက်နက်ကိုင်ဝန် ဆောင်မှုကော်မတီကြားနားပွဲတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးက “ ဘော်တစ် နိုင်ငံတွေဟာ လက်ရှိအချိန်မှာ စိုးရိမ်ရမယ့်အခြေနေမျိုးဖြစ်နေတယ်။ ယူကရိန်းဟာ စစ်ပွဲမှာရှုံးနိမ့်ခဲ့မယ်ဆိုရင် နေတိုးအဖွဲ့ဟာ ရုရှားနဲ့ စစ်ပွဲဆင်နွဲရဖွယ်ရှိတယ်လို့ ယုံကြည်ထားပါတယ်။ ကမ္ဘာတဝှမ်းမှာရှိနေတဲ့ အခြားအာဏာရှင်နိုင်ငံတွေဟာ ဒီအခြေနေတွေကိုစောင့်ကြည့်နေတယ်။ အဲဒီအာဏာရှင်နိုင်ငံတွေအတွက် အခြေနေတွေက အားတက်ဖွယ်ရှိနေပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့အခြေအနေတွေကြောင့် အနောက်အုပ်စုနိုင်ငံတွေဟာ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်စေဖို့ ပိုမိုပံ့ပိုးကူညီပေးတာမျိုးမလုပ်နိုင်ဘူး။” ဟု ပြောသည်။

အမေရိကန်သည် ယူကရိန်းနှင့် ရုရှားစစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်းတည်းက ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးခဲ့ပြီး လက်ရှိအချိန်တွင်လည်း ယူကရိန်းကို ထပ်မံကူညီထောက်ပံ့ပေးနိုင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

အမေရိကန်နိုင်ငံ၏ ကူညီထောက်ပံ့ပေးမှုများ ထပ်မံမရဘူးဆိုလျှင် ယူကရိန်းအနေဖြင့် စစ်ရှုံးရဖွယ်ရှိနေကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ပြီးခဲ့သောသီတင်းပတ်အတွင်းပြောဆိုခဲ့သည်။

ကောင်းထက်ငွေ

en.pressbee.net

ရုရှားနှင့်ဖြစ်လာနိုင်သော တိုက်ရိုက်စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားရန် နေတိုးနိုင်ငံများကို အမေရိကန်စစ်ဘက် သတိပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.