ရုရှားနှင့်ဖြစ်ပွားနေသောစစ်ပွဲနှင့်ပတ်သက်ပြီးအနောက်အုပ်စုနိုင်ငံများကို ယူကရိန်းသမ္မတ ဝေဖန်ပြစ်တင်

ကိဗ်၊ မေ ၂၃

အနောက်အုပ်စုနိုင်ငံများသည် ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးနှင့်ပတ်သက်ပြီး ရုရှားနိုင်ငံကို ဖိအားပေးရန် ပျက်ကွက်နေကြောင်း၊ အနောက်အုပ်စုနိုင်ငံများသည် ရုရှားနှင့် အလုံးစုံဆက်ဆံရေးဖြတ်တောက်ရန် လိုလားမှုမရှိသည့်အတွက် ရုရှားကိုဖိအားပေးရန် ပျက်ကွက်နေခြင်းဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ထုတ်ဖော်ပြောဆိုလိုက်သည်။

အနောက်အုပ်စုနိုင်ငံများသည် ရုရှားနိုင်ငံနှင့် တင်းမာမှုအရှိန်မြင့်တက်မည်ကို စိုးရိမ်နေကြောင်း၊ အနောက်အုပ်စုနိုင်ငံများသည် ၎င်းတို့နိုင်ငံထုတ်လက်နက်များဖြင့် ရုရှားနိုင်ငံပိုင် နက်အတွင်းသို့ ပစ်ခတ်တိုက်ခိုက်ရန် ခွင့်ပြုလိုခြင်းမရှိဘဲဖြစ်နေကြောင်း ယူကရိန်းသမ္မတက ပြောသည်။

ယူကရိန်းနှင့် ရုရှားနိုင်ငံကြားဖြစ်ပွားနေသည့်စစ်ပွဲ အချိန် ၂ နှစ်ကျော်ကြာလာခဲ့သော်လည်း လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲရေးရယူနိုင်ခြင်းမရှိဘဲ ဖြစ်နေကြောင်း သိရသည်။

အမေရိကန်ဦးဆောင်သော အနောက်အုပ်စုနိုင်ငံများသည် ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ကူညီပံ့ပိုးပေးနေသော်လည်း စစ်ပွဲတွင်တိုက်ရိုက်ပါဝင်တိုက်ခိုက်ခြင်းမရှိကြောင်း သိရသည်။

ယူကရိန်းသမ္မတက “ အနောက်အုပ်စုနိုင်ငံတွေဟာ ရုရှားကိုပိတ်ဆို့မှုချမှတ်တယ်။ ဒါပေမယ့် ရုရှားနဲ့တင်းမာမှုအရှိန် ပိုမိုဖြစ်လာမယ့်အန္တရာယ်ကိုလည်း ထည့်သွင်းတွက်ချက်တယ်။ အနောက်အုပ်စုနိုင်ငံတွေဟာ ရုရှားနိုင်ငံနဲ့ဆက်ဆံရေး အလုံးစုံပျက်စီးသွားမှာကို စိုးရိမ်ကြောက်ရွံ့နေတယ်။ ရုရှားနိုင်ငံနဲ့ စီးပွားရေးအပြန်အလှန်လုပ်ကိုင်နေမှုတွေ ပျက်စီးသွားမှာကို စိုးရိမ်နေတယ်။ ရုရှားနိုင်ငံမှာ အနောက်အုပ်စုနိုင်ငံတွေရဲ့သံရုံးတွေ ရှိနေဆဲဖြစ်တယ်။ ရုရှားနိုင်ငံကို အထီးကျန်နိုင်ငံဖြစ်အောင် လုပ်ဆောင်လို့မရဘူး။” ဟု ပြောသည်။

အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့က ရုရှားကို ပိုမိုပြင်းထန်သောဖိအားပေးခြင်းများ မလုပ်ဆောင်နိုင်ပါက ရုရှားတပ်ဖွဲ့များကို ယူကရိန်းပိုင်နက်အတွင်းမှဆုတ်ခွာရန် လုပ်ဆောင်နိုင်မည်မဟုတ်ကြောင်း ယူကရိန်းသမ္မတက ပြောသည်။

ရုရှားသည် လက်ရှိအချိန်တွင် ယူကရိန်းပိုင်နက်မြို့များကို ထပ်မံတိုက်ခိုက်နေပြီး မြို့အချို့ကို သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။

ကောင်းထက်ငွေ

rt.com

ရုရှားနှင့်ဖြစ်ပွားနေသောစစ်ပွဲနှင့်ပတ်သက်ပြီးအနောက်အုပ်စုနိုင်ငံများကို ယူကရိန်းသမ္မတ ဝေဖန်ပြစ်တင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.