ကိဗ်၊ နိုဝင်ဘာ ၁၇
ယူကရိန်းသမ္မတ ဇီလန်စကီးက ရုရှားနှင့်ဖြစ်ပွားသောစစ်ပွဲသည် မကြာမီအဆုံးသတ်ဖွယ်ရှိနေပြီး ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတအဖြစ် တာဝန်ယူချိန်တွင် အဆုံးသတ်ရန် အ လားလာများနေကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
ဇီလန်စကီးက အမေရိကန်သမ္မတရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော ဒေါ်နယ်ထရမ့်နှင့် ဖုန်းဆက်ဆွေးနွေးခဲ့ကာ အပြုသဘောဆောင်သောအမြင်များကို ဖလှယ်ခဲ့ကြောင်း ဆိုသည်။
ဒေါ်နယ်ထရမ့်က ၎င်းသမ္မတအဖြစ် တာဝန်ယူချိန်တွင် ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးကို အဓိကဦးစားပေးလုပ်ဆောင်မည်ဖြစ်ကြောင်း၊ အမေရိကန်အစိုးရ၏ အရင်းမြစ်များ လေ လွင့်ရခြင်းကို တားဆီးမည်ဖြစ်ကြောင်း ဆိုသည်။
ယူကရိန်းသမ္မတက “ အမေရိကန်သမ္မတအသစ်ရဲ့ မူဝါဒတွေကြောင့် စစ်ပွဲအဆုံးသတ်ဖွယ်ရှိနေပါတယ်။ မြေပြင်တိုက်ပွဲအခြေနေတွေဟာ အခက်ခဲတွေရှိနေတယ်။ ရုရှားတပ်ဖွဲ့တွေဟာ အခွင့်ရေးကောင်းတွေ ရယူထားနိုင်တယ်။” ဟု ပြောသည်။
ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးချိန်တွင် အမေရိကန်သမ္မတအသစ်နှင့် တွေ့ဆုံဆွေးနွေးရမည်ဖြစ်ကြောင်း ယူကရိန်းသမ္မတက ဆိုသည်။
ဒေါ်နယ်ထရမ့်နှင့် ဇီလန်စကီးကြား ဆက်ဆံရေးသည် ကာလအတန်ကြာရှိခဲ့ပြီး ပြီးခဲ့သောနှစ်ပိုင်းအတွင်း ဆက်ဆံရေးအဖုထစ်များရှိခဲ့ကြောင်း သိရသည်။
နှစ်ဦးကြား သဘောထားအမြင် ကွဲလွဲမှုများရှိခဲ့သော်လည်း ဒေါ်နယ်ထရမ့်က ၎င်းသည် ယူကရိန်းသမ္မတ ဇီလန်စကီးနှင့် ကောင်းမွန်သောဆက်ဆံရေးများရှိကြောင်း ဆိုထားသည်။
ယူကရိန်းသမ္မတနှင့် ဒေါ်နယ်ထရမ့်တို့သည် စက်တင်ဘာလအတွင်း နယူးယောက်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး စစ်ပွဲကိုလျင်မြန်စွာဖြေရှင်းနိုင်ရန် ကြိုးပမ်းမည်ဟု ဆိုသည်။
ဒေါ်နယ်ထရမ့်သည် ယူကရိန်းစစ်ပွဲကိုအဆုံးသတ်ရန် ကြိုးပမ်းမည်ဟု ပြောဆိုထားသော်လည်း ၎င်း၏အစီအစဉ်များကို လက်ရှိအချိန်အထိ တရားဝင်ထုတ်ဖော်ပြောဆိုခြင်း မရှိသေးကြောင်း သိရသည်။
ဒီမိုကရက်တစ်ပါတီခေါင်းဆောင်တစ်ဦးဖြစ်သလို ဂျိုးဘိုင်ဒန်ဦးဆောင်သည့် အမေရိကန်အစိုးရလက်ထက်တွင် ယူကရိန်းကို စစ်ရေးအကူညီများပေးခဲ့ပြီး အမေရိကန်ဒေါ်လာ ဘီလျံရာချီ ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် ဒီမိုကရက်တစ်ပါတီဝင်များက ယူကရိန်းတပ်ဖွဲ့ဝင်များ ကျဆုံးမည်ဆိုလျှင် ဥရောပတိုက် အန္တရာယ်ကျရောက်ဖွယ်ရှိနေကြောင်း ဆိုသည်။
ရုရှားနှင့် ယူကရိန်းနိုင်ငံကြား ဖြစ်ပွားနေသောစစ်ပွဲသည် နှစ်နှစ်ကျော်လာခဲ့သော်လည်း အပစ်ခတ်ရပ်စဲရေး ရယူနိုင်ခြင်းမရှိဘဲ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။
ကောင်းထက်ငွေ
bbc.com
ရုရှားနှင့်ဖြစ်ပွားနေသောစစ်ပွဲ မကြာခင်အဆုံးသတ်ဖွယ်ရှိနေဟု ယူကရိန်းသမ္မတ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်