မော်စကို၊ မတ် ၁၈
ရုရှားသမ္မတ ပူတင်သည် ပြီးခဲ့သောရက်ပိုင်းကကျင်းပခဲ့သော သမ္မတရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီးနောက် ရုရှားသမိုင်းတွင် နှစ်ပေါင်း ၂၀၀ ကျော်အတွင်း သက်တမ်းအကြာဆုံးတာဝန်ယူသော နိုင်ငံခေါင်းဆောင်ဖြစ်လာခဲ့ကြောင်း သိရသည်။
ရုရှားနိုင်ငံတွင် သမ္မတသက်တမ်းကို ၆ နှစ်အထိ တိုးမြှင့်လိုက်ပြီးနောက် ပထမဆုံးအကြိမ်ပြုလုပ်သော ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ပူတင်က ထောက်ခံမဲ ၈၇ ဒသမ ၈ ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါရွေးကောက်ပွဲအတွင်း ရုရှားသမ္မတ ပူတင်၏ အနီးကပ်ဆုံးပြိုင်ဘက်သုံးဦးသည် ထောက်ခံမဲ ၄ ရာခိုင်နှုန်းထက် ကျော်လွန်ရရှိခဲ့ခြင်းမရှိခဲ့ကြောင်း သိရသည်။
ပူတင်သည် သမ္မတသက်တမ်းကို သက်တမ်းကုန်ဆုံးချိန်အထိ တာဝန်ယူမည်ဆိုပါက ဆိုဗီယက်ခေါင်းဆောင်ဟောင်းကြီး စတာလင်၏သက်တမ်းထက် ကျော်လွန်သွားမည်ဖြစ်ကြောင်း သိရသည်။
သမ္မတရွေးကောက်ပွဲတွင် ပူတင်ရရှိခဲ့သော ထောက်ခံမဲသည် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားပြီးနောက်ပိုင်း ရုရှားနိုင်ငံတွင်ကျင်းပခဲ့သော သမ္မတရွေးကောက်ပွဲများအတွင်းရရှိသော ထောက်ခံမဲအများဆုံးဖြစ်ခဲ့ကြောင်း သိရသည်။
ရုရှားနိုင်ငံသည် လက်ရှိအချိန်တွင် ယူကရိန်းနိုင်ငံနှင့် စစ်ပွဲဖြစ်ပွားနေရာ သမ္မတရွေးကောက်ပွဲကျင်းပခဲ့ခြင်းကို အမေရိကန်ဦးဆောင်သော အနောက်အုပ်စုနိုင်ငံများက ဝေဖန်ပြစ်တင်ခဲ့ပြီး ရွေးကောက်ပွဲက လွတ်လပ်မျှတမှုမရှိကြောင်း ဝေဖန်ထားသည်။
ရုရှားအာဏာပိုင်များသည် အတိုက်ခံများကို ဖမ်းဆီးထောင်ချခြင်းအပြင် ဆင်ဆာစနစ်ကင်းလွတ်ခြင်းများကို ပိတ်ပင်ကာ သမ္မတရွေးကောက်ပွဲကို ပြုလုပ်ခဲ့ခြင်းမျိုးဖြစ်ကြောင်းဝေဖန်ထားသည်။
ရုရှားသမ္မတ ပူတင် သမ္မတအဖြစ် ဆက်လက်ရွေးချယ်ခံရခြင်းကြောင့် လာမည့်နှစ်များအတွင်း ကမ္ဘာကြီးငြိမ်းချမ်းရေး သို့မဟုတ် စစ်ပွဲများဆက်လက်ဖြစ်လာမည်လားဆိုသည်ကို မေးခွန်းထုတ်မှုများလည်းရှိနေသည်။
ပူတင်သည် ရုရှားသမ္မတ၊ ဝန်ကြီးချုပ်ရာထူးများကို ၁၉၉၉ ခုနှစ်တည်းက စတင်တာဝန်ယူခဲ့ပြီးနောက် လက်ရှိ ကမ္ဘာခေါင်းဆောင်များထဲတွင် နိုင်ငံရေးအတွေ့ကြုံရင့်ကျက်သူဖြစ်ကြောင်း သိရသည်။
ကောင်းထက်ငွေ
channelnewsasia.com
ရုရှားနိုင်ငံသမိုင်းတွင် နှစ်အကြာဆုံးသမ္မတအဖြစ် တာဝန်ယူခွင့်ရမည့် ပူတင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်