ရုရှားနိုင်ငံတွင် ရွေးကောက်ပွဲစတင်ကျင်းပ

မော်စကို၊ မတ် ၁၅

ရုရှားနိုင်ငံတွင် သုံးရက်ကြာကျင်းပမည့် သမ္မတရွေးကောက်ပွဲကို မတ်လ ၁၅ ရက်နေ့တွင် စတင်လိုက်ပြီဖြစ်ကြောင်း၊ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများက မဲရုံများကို ဖွင့်လှစ်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

လက်ရှိ ရုရှားသမ္မတ ပူတင်အပါအဝင် ကိုယ်စားလှယ်လောင်းလေးဦး ပါဝင်ယှဉ်ပြိုင်မည့် သမ္မတရွေးကောက်ပွဲသည် မတ်လ ၁၇ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်ပြီး၊ အွန်လိုင်းမဲပေးစနစ်နှင့် ကြိုတင်မဲပေးမှုစနစ်များကိုလည်း ကျင့်သုံးခဲ့ကြောင်း သိရသည်။

သမ္မတပူတင်သည် လက်ရှိသမ္မတရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလကကိုယ်စားလှယ်အဖြစ် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး၊ သမ္မတအဖြစ်အနိုင်ရရန် အလားလာများနေကာ ၂၀၃၀ ခုနှစ်အထိ သမ္မတအဖြစ် တာဝန်ယူခွင့်ရမည်ဟု ထင်ကြေးပေးမှုများလည်းရှိနေသည်။

အဆိုပါ သမ္မတရွေးကောက်ပွဲတွင် အွန်လိုင်းမှတဆင့် မဲပေးမည့်သူများသည် ရုရှားအစိုးရထံတွင် အွန်လိုင်းမှတဆင့်မဲပေးမည့်အကြောင်းကို ကြိုတင်ခွင့်ပြုချက် တောင်းခံရမည်ဖြစ်သလို၊ ရုရှားသမ္မတ ရွေးကောက်ပွဲမတိုင်ခင် ကြိုတင်မဲပေးခြင်းစနစ်ကိုလည်း ခွင့်ပြုထားပြီး၊ ရုရှားနိုင်ငံ၏ ကျေးလက်မြို့စွန်များတွင် ကြိုတင်မဲပေးမှုစနစ်ကို လုပ်ဆောင်ခဲ့ကြောင်း ရုရှားမီဒီယာများတွင် ဖော်ပြထားသည်။

အဆိုပါ သမ္မတရွေးကောက်ပွဲသည် သမ္မတသက်တမ်းကို ၆ နှစ်ကြာ တာဝန်ယူခွင့်ပေးရန် ပြင်ဆင်ပြောင်းလဲခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ကျင်းပခဲ့သော သမ္မတရွေးကောက်ပွဲဖြစ်သည်။

အသက် ၇၁ နှစ်အရွယ်ရှိ ပူတင်သည် သမ္မတရွေးကောက်ပွဲတွင် ထပ်မံအနိုင်ရခဲ့ပါက ခြောက်နှစ်ကြာသမ္မတအဖြစ် ထပ်မံတာဝန်ယူခွင့်ရမည်ဖြစ်ပြီးအသက် ၇၇ နှစ်အထိ သမ္မတအဖြစ် တာဝန်ယူခွင့်ရမည်ဖြစ်သည်။

ရုရှားသမ္မတရွေးကောက်ပွဲတွင် အနိုင်ရသူများကို မတ်လ ၁၇ ရက်နေ့နောက်ပိုင်းမှသာ တရားဝင်ထုတ်ပြန်သွားဖွယ်ရှိနေပြီး၊ မဲပေးခွင့်ရှိသူ ၇၁ ရာခိုင်နှုန်းကျော် မဲလာပေးမည်ဟု ခန့်မှန်းထားကြောင်း ရွေးကောက်ပွဲကော်မရှင်က ပြောသည်။

ကောင်းထက်ငွေ

france24.com/en

ရုရှားနိုင်ငံတွင် ရွေးကောက်ပွဲစတင်ကျင်းပ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.