ရုရှားနိုင်ငံတွင် ဂီတပွဲတော်အတွင်း ပစ်ခတ်မှုများဖြစ်ပွား အနည်းဆုံးလူပေါင်း ၆၀ကျော်သေဆုံး

မော်စကို၊ မတ် ၂၃

ရုရှားနိုင်ငံတွင် မတ်လ ၂၂ ရက် ညပိုင်းကကျင်းပခဲ့သော ဂီတပွဲတော်တစ်ခုတွင် ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက် အနည်းဆုံးလူပေါင်း ၆၀ ကျော်သေဆုံးကာ လူပေါင်း ၁၀၀ ကျော် ဆေးရုံတင်ထားရကြောင်း သိရသည်။

သေနတ်သမားများသည် မော်စကိုမြို့ရှိ ဂီတပွဲတော်အတွင်း ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ ရုပ်ဖျက်ထားကြောင်း သိရသည်။

ရုပ်ဖျက်ထားသော သေနတ်သမားများသည် မော်စကိုမြို့ရှိ ဂီတပွဲတော်ကျင်းပရာ အဆောက်အဦးထဲ ဝင်ရောက်ပစ်ခတ်ခဲ့ပြီးနောက် ဗုံးများဖြင့်ပစ်ပေါက်ခဲ့ကြောင်း ရုရှားအခြေ စိုက် သတင်းဌာနက ဖော်ပြထားသည်။

အစ္စလာမ်မစ်အစွန်းရောက် လက်နက်ကိုင်အဖွဲ့က အဆိုပါတိုက်ခိုက်မှုသည် ၎င်းတို့လက်ချက်ဖြစ်ကြောင်း ဝန်ခံပြောဆိုထားသည်။

ဂီတပွဲတော်ကို လာရောက်ခဲ့သူတစ်ဦးက “ အော်တိုမစ်တစ်သေနတ်တွေနဲ့ ပစ်ခတ်သံတွေကြားခဲ့ရတယ်။ အဲဒီပစ်ခတ်မှုဟာ ဆိုးရွားတဲ့အကြမ်းဖက်တိုက်ခိုက်မှုဖြစ်တယ်။” ဟုပြောသည်။

ရုရှားကြက်ခြေနီအဖွဲ့က ပစ်ခတ်မှုကြောင့် သေဆုံးသူအရေအတွက်သည် အစောပိုင်းက ၄၀ ဦးသာရှိခဲ့သော်လည်း နောက်ပိုင်းတွင် တစ်ဖြည်းဖြည်းမြင့်တက်လာခဲ့ပြီး အနည်းဆုံး ၆၀ ဦးအထိ သေဆုံးခဲ့ကြောင်း ပြောသည်။

ရုရှားကျန်းမာရေးဝန်ကြီးက လူပေါင်း ၁၁၅ ဦးကို ဆေးရုံတင်ပို့ခဲ့ရကြောင်း၊ ဒဏ်ရာရသူများတွင် ၅ ဦးက ကလေးငယ်များဖြစ်ကြောင်း၊ ဒဏ်ရာရသူများထဲတွင် ၆၀ ဦးက စိုးရိမ်ရ သောအခြေနေများဖြစ်ကြောင်း ပြောသည်။

သေနတ်သမားသည် ဂီတပွဲတော်အတွင်း လိုက်လံပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။

အစ္စလာမ်မစ်စစ်သွေးကြွအုပ်စုက ၎င်းတို့အဖွဲ့ဝင်များသည် မော်စကိုမြို့စွန့်တွင်ကျင်းပခဲ့သော ဂီတပွဲတော်တစ်ခုတွင် လူအုပ်ကြီးကိုတိုက်ခိုက်ခဲ့ကြောင်း၊ ၎င်းတို့၏ စစ်အခြေစိုက်စခန်းများ တိုက်ခိုက်ခံရမှုကို လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း ပြောသည်။

ရုရှားလုံခြုံရေးတပ်ဖွဲ့ဝင်များသည် လက်ရှိအချိန်တွင် ပစ်ခတ်မှုဖြစ်ပွားခြင်းနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေပြီး ကျုးလွန်ခဲ့သူများကို လိုက်လံရှာဖွေနေကြောင်းသိရသည်။

ရုရှားနိုင်ငံရှိ အမေရိကန်သံရုံးက ရုရှားနိုင်ငံမော်စကိုမြို့တွင် တိုက်ခိုက်ခံရမှုများဖြစ်လာနိုင်ကြောင်း၊ အစွန်းရောက်အဖွဲ့များသည် ဂီတပွဲများအပါအဝင် လူအများစုရုံးနေသည့်နေရာများကို ပစ်မှတ်ထားတိုက်ခိုက်ရန် စီစဉ်နေကြောင်း ပြီးခဲ့သောသီတင်းပတ်အတွင်း သတင်းထုတ်ပြန်ခဲ့ဖူးသည်။

ကောင်းထက်ငွေ

channelnewsasia.com

ရုရှားနိုင်ငံတွင် ဂီတပွဲတော်အတွင်း ပစ်ခတ်မှုများဖြစ်ပွား အနည်းဆုံးလူပေါင်း ၆၀ကျော်သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.