ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၃
ရုရှားအတိုက်ခံခေါင်းဆောင် လုပ်ကြံခံရမှုနှင့်ပတ်သက်ပြီး ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အသစ်များ ထပ်မံချမှတ်သွားမည်ဖြစ်ပြီး၊ ရုရှားနိုင်ငံကို ပစ်မှတ်ထားပြီး ပိတ်ဆို့မှုပေါင်း ၅၀၀ ထပ်မံချမှတ်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ထုတ်ဖော်ပြောဆိုလိုက်သည်။
အမေရိကန်သမ္မတသည် ပြီးခဲ့သောရက်ပိုင်းက ရုရှားအတိုက်ခံခေါင်းဆောင်၊ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးခေါင်းဆောင်တစ်ဦးဖြစ်သူ အဲလက်ဇီ နာဗယ်နီ၏ သမီးအပြင် ဇနီးဖြစ်သူတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါရုရှားအတိုက်ခံခေါင်းဆောင်သည် ပြီးခဲ့သောသီတင်းပတ်အတွင်း ရုရှားအကျဉ်းထောင်ထဲ၌ ရုတ်ရက်သေဆုံးခဲ့ပြီး အဆိပ်ဖြင့်လုပ်ကြံသတ်ဖြတ်ခံရခြင်း ဖြစ်နိုင်ကြောင်း ဝေဖန်ပြစ်တင်မှုများရှိနေသည်။
ရုရှားအကျဉ်းထောင်အရာရှိများက အသက် ၄၇ နှစ်အရွယ်ရှိ နာဗယ်နီသည် ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ရုတ်ရက်နေမကောင်းဖြစ်ကာလဲကျခဲ့ပြီး တစ်ရက်အတွင်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
နာဗယ်နီသည် ရုရှားဒီမိုကရေစီအရေးနှင့် လွတ်လပ်မှုများအတွက် တိုက်ပွဲဝင်ခဲ့သူဖြစ်သလို၊ အကျင့်ပျက်လာဘ်စားမှု တိုက်ဖျက်ရေးအတွက် တရားဝင်နည်းလမ်းဖြင့် ဦးဆောင်ခဲ့သူဖြစ်ကြောင်း အမေရိကန်သမ္မတက ပြောသည်။
အမေရိကန်အစိုးရအဖွဲ့က “ ရုရှားနိုင်ငံအပေါ် ပိတ်ဆို့မှုအသစ်တွေ ထပ်မံချမှတ်သွားမယ်။ ရုရှားအတိုက်ခံခေါင်းဆောင် သေဆုံးမှုတွေအတွက် ရုရှားသမ္မတပူတင် တာဝန်ယူရမှာဖြစ်တယ်။ အဲဒီအတွက် ပိတ်ဆို့မှုအသစ်တွေ ချမှတ်သွားမယ်။ ရုရှားကာကွယ်ရေးကဏ္ဍနဲ့ပတ်သက်ပြီး ပစ်မှတ်ထားပိတ်ဆို့ အရေးယူမှုအသစ်တွေ ထပ်မံလုပ်ဆောင်သွားဖို့ အလားလာများတယ်။” ဟု ပြောသည်။
ရုရှားအစိုးရသည် အမေရိကန်နိုင်ငံမှ ထပ်မံချမှတ်မည်ဆိုသော ပိတ်ဆို့မှုများနှင့်ပတ်သက်ပြီး တစ်စုံတရာမှတ်ချက်ပြုပြောဆိုခြင်းမရှိကြောင်း သိရသည်။
ရုရှားနိုင်ငံသည် အတိုက်ခံခေါင်းဆောင်များအပြင် အစိုးရကိုဝေဖန်ပြစ်တင်သူများကို ပစ်မှတ်ထားကာ အဆိပ်ဖြင့်လုပ်ကြံဝေဖန်နေသည့် နိုင်ငံမျိုးဖြစ်ကြောင်း သိရသည်။
ရုရှားအတိုက်ခံခေါင်းဆောင်သည် ၂၀၂၁ ခုနှစ်တွင် ဖမ်းဆီးခံရပြီး ၂ နှစ်အကြာတွင် ထောင်ဒဏ် ၁၉ နှစ်ပြစ်ဒဏ်ချမှတ်ခံရကာ ၂၀၂၄ ခုနှစ်တွင် အကျဉ်းထောင်အတွင်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမေရိကန်သမ္မတသည် ရုရှားအတိုက်ခံခေါင်းဆောင် သေဆုံးမှုအတွက် ရုရှားသမ္မတပူတင်ဦးဆောင်သော အစိုးရအဖွဲ့ကို ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရသည်။
ကောင်းထက်ငွေ
nytimes.com
ရုရှားနိုင်ငံကို ပိတ်ဆို့မှုအသစ် ၅၀၀ လုပ်ဆောင်မည်ဟု အမေရိကန်သမ္မတ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်