ရုရှားစွမ်းအင်အဆောက်အဦးများကို တိုက်ခိုက်ခြင်းနှင့်ပတ်သက်ပြီး ယူကရိန်းနှင့် အမေရိကန်နိုင်ငံကြား သဘောထားကွဲလွဲနေ

ဝါရှင်တန်၊ မတ် ၃၀

အမေရိကန်အစိုးရသည် ရုရှားအခြေခံအဆောက်အဦးများနှင့် စွမ်းအင်ဆိုင်ရာ အဆောက်အဦးများကို တိုက်ခိုက်ခြင်းမလုပ်ဆောင်ရန် ယူကရိန်းအစိုးရကို တိုက်တွန်းလိုက်ကြောင်း သိရသည်။

ယူကရိန်းသမ္မတ ဇီလန်စကီးသည် အမေရိကန်အစိုးရကို ငွေကြေးနှင့်စစ်လက်နက်ပစ္စည်းများ ထပ်မံတောင်းဆိုခဲ့ပြီး အမေရိကန်နိုင်ငံ၏ အကူညီများမရဘူးဆိုလျှင် စစ်ပွဲရှုံးနိမ့်မည်ဟု ထပ်မံပြောဆိုခဲ့သည်။

အမေရိကန်သည် ယူကရိန်းကို အမေရိကန်ဒေါ်လာ ၆၁ ဘီလျံတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးရန် စီစဉ်နေသော်လည်း အောက်လွှတ်တော်၏ကန့်ကွက်မှုများကြောင့် အခက်ခဲဖြစ်နေသည်။

ယူကရိန်းသမ္မ ဇီလန်စကီးကိုယ်တိုင်က အမေရိကန်စိုးရသည် ရုရှားစွမ်းအင်အဆောက်အဦးများကို ပစ်မှတ်ထားပြီး ဒရုန်းများဖြင့်တိုက်ခိုက်ခြင်း မလုပ်ဆောင်ရန်တောင်းဆိုခဲ့ကြောင်း ဝန်ခံပြောဆိုထားသည်။

ယူကရိန်းသမ္မတက “ အမေရိကန်အစိုးရဲ့တုံ့ပြန်မှုက အပေါင်းလက္ခဏာမဆောင်ဘူး။ အမေရိကန်အစိုးရဟာ အဲဒီတိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ ခွန်အားမရှိဘူး၊ ကျွန်တော်တို့ဟာ ဒရုန်းတွေအသုံးပြုတိုက်ခိုက်ခဲ့တယ်။ ဒရုန်းတွေနဲ့တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ ဘယ်သူမှလာပြောလို့မရပါဘူး၊” ဟု ပြောသည်။

ယူကရိန်းသည် မတ်လအစောပိုင်းတည်းက ရုရှားစွမ်းအင်အခြေခံအဆောက်အဦးများကို ပစ်မှတ်ထားပြီး ဒရုန်းများဖြင့်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယူကရိန်းသည် ဒုံးကျည်နှင့် လေကြောင်းရန်ကာကွယ်ရေးစနစ် ကုန်ခမ်းနေသည့်အတွက် ရုရှားနိုင်ငံပိုင်နက်အတွင်းသို့ တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ရုရှားပိုင်နက်များကို တိုက်ခိုက်ခြင်းသည် ယူကရိန်းအတွက် ကြိုတင်ကာကွယ်တားဆီးခြင်းမျိုးဖြစ်ကြောင်း ယူကရိန်းသမ္မတက ပြောသည်။

ယူကရိန်းနှင့် အမေရိကန်တို့သည် ရုရှားစွမ်းအင်အခြေခံအဆောက်အဦးများကို တိုက်ခိုက်ခြင်းနှင့်ပတ်သက်ပြီး သဘောထားကွဲလွဲသလိုမျိုးဖြစ်လာနေကြောင်း သတင်းများထွက်ပေါ်နေသည်။

ရုရှားနှင့် ယူကရိန်းကြား ဖြစ်ပွားနေသည့်စစ်ပွဲက နှစ်နှစ်ကျော်ကြာနေပြီး လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲရေး ရယူနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ကောင်းထက်ငွေ

islamtimes.org/en/news

ရုရှားစွမ်းအင်အဆောက်အဦးများကို တိုက်ခိုက်ခြင်းနှင့်ပတ်သက်ပြီး ယူကရိန်းနှင့် အမေရိကန်နိုင်ငံကြား သဘောထားကွဲလွဲနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.