မော်စကို၊ မေ ၂၂
ရုရှားနိုင်ငံတောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်ဖွဲ့ဝင်များသည် မေလ ၂၂ ရက်နေ့တွင် နျူကလီးယားလက်နက်များနှင့် စစ်ရေးလေ့ကျင့်ခန်းများကို စတင်လုပ်ဆောင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။
ယူကရိန်းစစ်ပွဲနှင့်ဆက်နွယ်ပြီး ရုရှားနှင့် ယူကရိန်းနိုင်ငံကြား တင်းမာမှုများဖြစ်ပွားလာချိန်တွင် ရုရှားစစ်တပ်က နျူကလီးယားလက်နက်များနှင့်ပတ်သက်သော စစ်ရေးလေ့ကျင့်ခန်းများကို လုပ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါစစ်ရေးလေ့ကျင့်ခန်းအစီအစဉ်အတွင်း နျူကလီးယားလက်နက်များကို တပ်ဖွဲ့ဝင်များအားလွှဲပြောင်းပေးခြင်း၊ ဖြန့်ကြတ်ချထားခြင်းနှင့် တိုက်ခိုက်ရန်ကြိုတင်ပြင်ဆင်ခြင်းများ ပါဝင်မည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။
ရုရှားစစ်တပ်က ၎င်းတို့သည် နျူကလီးယားလက်နက်များနှင့်ပတ်သက်သော စစ်ရေးလေ့ကျင့်ခန်းများကို မကြာခင်လုပ်ဆောင်မည်ဟု ပြီးခဲ့သောသီတင်းပတ်အတွင်း သတင်းထုတ်ပြန်ခဲ့ပြီးနောက် မေလ ၂၂ ရက်နေ့တွင် လေ့ကျင့်ခန်းအစီအစဉ် စတင်ခဲ့ခြင်းဖြစ်သည်။
ရုရှားနိုင်ငံ၏ အဆိုပါနျူကလီးယားလက်နက်များဖြင့်ပြုလုပ်သော စစ်ရေးလေ့ကျင့်ခန်းက အမေရိကန်ဦးဆောင်သော အနောက်အုပ်စုနိုင်ငံများကို သတိပေးခြင်းဖြစ်ပြီး၊ စစ်ပွဲကို ကြိုတင်တားဆီးနိုင်ရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
ရုရှားစစ်သားများသည် အဆိုပါစစ်ရေးလေ့ကျင့်ခန်းအစီအစဉ်အတွင်း နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်စွမ်းရှိသည့် Iskander-M အမျိုးအစား ဒုံးကျည်စနစ်များကို အသုံးပြုလေ့ကျင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ယူကရိန်းစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း အမေရိကန်ဦးဆောင်သော အနောက်အုပ်စုနိုင်ငံများသည် ရုရှားနိုင်ငံအပေါ် ပိတ်ဆို့မှုအမျိုးမျိုးချမှတ်ခြင်း၊ ယူကရိန်းကို စစ်ရေးအကူညီများပေးခြင်း စသောကိစ္စရပ်များကြောင့် တင်းမာမှုများပိုမိုဖြစ်လာခဲ့ကြောင်း သိရသည်။
ကောင်းထက်ငွေ
rt.com
ရုရှားစစ်တပ်က နျူကလီးယားစစ်ရေးလေ့ကျင့်ခန်းများပြုလုပ်ပြီး အနောက်အုပ်စုနိုင်ငံများကို သတိပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်