ရုရှားစစ်ခေါင်းဆောင်နှစ်ဦးကို ဖမ်းဝရမ်းထုတ်ပြန်ကြောင်း ICC ဆို

သည်ဟိတ်၊ မတ် ၇

နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့အခြေစိုက် နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) သည် ရုရှား စစ်ဘက်ခေါင်းဆောင်နှစ်ဦးကို စစ်ရာဇဝတ်မှုများကျူးလွန်သည်ဟုစွပ်စွဲပြီး ဖမ်းဝရမ်းထုတ်လိုက်ကြောင်း သိရသည်။

အဆိုပါတရားရုံးသည် ပင်လယ်နက်ဒေသရှိ ရုရှားရေတပ်အုပ်စု အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီး ဗစ်တာ ဆိုကိုလောဗ့်နှင့် လေကြောင်းတပ်ဖွဲ့အကြီးအကဲတစ်ဦးဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီး ဆာဂေး ကိုလက်ကို ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့နှစ်ဦးသည် အရပ်သားများထိခိုက်နာကျင်စေရန်အတွက် တိုက်ခိုက်မှုများလုပ်ဆောင်ရန် အမိန့်ပေးခဲ့သည့် အဓိကနှစ်ဦးဖြစ်ကြောင်း၊ လူသားအပေါ် ရာဇဝတ်မှုများကျူးလွန်ရန် လုပ်ဆောင်ခဲ့သူဖြစ်ကြောင်း (ICC) အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

(ICC) က ရုရှားသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာမှ ၂၀၂၃ ခုနှစ်၊ မတ်လအတွင်း ယူကရိန်းကို ဒုံးကျည်များဖြင့် တိုက်ခိုက်ချိန်အတွင်း စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း ပြော သည်။

အဆိုပါတရားရုံးသည် ယူကရိန်းစစ်ပွဲနှင့်ဆက်နွယ်ပြီး ရုရှားသမ္မတပူတင်ကို ဖမ်းဝရမ်းထုတ်ပြန်ခဲ့ဖူးပြီး၊ ရုရှားနှင့် (ICC) တရားရုံးကြား အငြင်းပွားများဖြစ်လာခဲ့ကြောင်း သိရသည်။

(ICC) သည် ရုရှားသမ္မတ ပူတင်အပြင် ရုရှားစစ်ခေါင်းဆောင်းများကို ဖမ်းဝရမ်းထုတ်ခဲ့သော်လည်း ရုရှားနိုင်ငံက (ICC) ကိုအသိမှတ်ပြုထားခြင်းမရှိကြောင်း သိရသည်။

အမေရိကန်နှင့် ရုရှားအပါအဝင် နိုင်ငံအချို့သည် ICC အဖွဲ့စည်းကို တရားဝင်အသိမှတ်ပြုကာ အဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ခြင်းမရှိကြောင်း သိရသည်။

ရုရှားသည် ICC အဖွဲ့၏လုပ်ရပ်များကို လက်တုံ့ပြန်ခဲ့ပြီး ICC အဖွဲ့၏ တရားသူကြီးများ၊ ရှေ့နေများကို ဖမ်းဝရမ်းပြန်ထုတ်ခဲ့ကြောင်း သိရသည်။

ယူကရိန်းနှင့် စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်းကတည်းက ရုရှားသည် အမေရိကန်အပါအဝင် နိုင်ငံတကာအဖွဲ့စည်းအချို့၏ ပစ်မှတ်ထားပိတ်ဆို့ခြင်းများ၊ ဖိအားပေးခြင်းများကို ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

ကောင်းထက်ငွေ

Photo: Viktor Sokolov

bbc.com/news

ရုရှားစစ်ခေါင်းဆောင်နှစ်ဦးကို ဖမ်းဝရမ်းထုတ်ပြန်ကြောင်း ICC ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.