ရုရှားက ယူကရိန်းကို လာမည့်နွေရာသီတွင် ကြီးမားသော ထိုးစစ်ဆင်ရန် ပြင်ဆင်နေ ဟုဆို

ကိဗ်၊ မတ် ၂၃

ရုရှားသည် နွေရာသီကာလအတွင်း ယူကရိန်းကို ကြီးမားသောထိုးစစ်ဆင်တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း ယူကရိန်း ကြည်းတပ်အကြီးအကဲတစ်ဦးက ထုတ်ဖော်ပြောဆိုလိုက် သည်။

ရုရှားသည် ယူကရိန်းကို မြေပြင်ထိုးစစ်ဆင်အသစ်တိုက်ခိုက်ရန် တပ်ဖွဲ့ဝင်တစ်သိန်းကျော်ကို ပြင်ဆင်နေဆဲဖြစ်ကြောင်း၊ ယူရိန်းဗိုလ်ချုပ်ကြီး Oleksandr Pavliuk က ပြောသည်။

ယူကရိန်းဗိုလ်ချုပ်ကြီးက “ ရုရှားရဲ့ထိုးစစ်ဆင်မှုတွေက လွယ်ကူမှာတော့ မဟုတ်ပါဘူး။ ရုရှားဟာ တိုက်ပွဲတွေမှာ အရှုံးနဲ့ရင်ဆိုင်ခဲ့ရတဲ့တပ်ဖွဲ့တွေကို ပြန်လည်အင်အားဖြည့်တင်းနေတယ်။ နွေရာသီလောက်ဆိုရင် ယူကရိန်းကို ထိုးစစ်ဆင်မှုအသစ် ထပ်မံလုပ်ဆောင်လာဖွယ်ရှိနေပါတယ်။” ဟု ပြောသည်။

ရုရှားအစိုးရက အနောက်အုပ်စုသည် ယူကရိန်းနိုင်ငံဘက်ခြမ်းတွင် ပါဝင်ပတ်သက်မှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် စစ်ပွဲဖြစ်လာခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် စစ်ပွဲနှင့်ပတ်သက်ပြီး နောက်ထပ်အဆင့်များလုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း ပြောသည်။

ရုရှားကာကွယ်ရေးဝန်ကြီးက ရုရှားသည် ယူကရိန်းသို့ ယခုနှစ်အကုန်အထိ တပ်မနှစ်ခုအပြင် အခြားတပ်ဖွဲ့များထပ်မံစေလွှတ်ပြီး အင်အားပိုမိုတောင့်တင်းစေရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောသည်။

ယူကရိန်းသည် ဧပြီလအထိအသုံးပြုမည့် လက်နက်ခဲယမ်းမီးကျောက်ရှိနေသော်လည်း ဧပြီလနောက်ပိုင်းတွင် အမေရိကန်လွှတ်တော်ထံမှ ခွင့်ပြုချက်မရပါက ခဲယမ်းမီးကျောက်များ အခက်ခဲဖြစ်လာဖွယ်ရှိနေသည်။

အမေရိကန်အောက်လွှတ်တော်သည် ယူကရိန်းကို အမေရိကန်ဒေါ်လာ ၆၀ ဘီလျံကူညီပေးမည့် အမေရိကန်အစိုးရ၏ အစီအစဉ်များကို ငြင်းဆန်ပယ်ချနေရာ ယူကရိန်းကို စစ်ရေးအကူညီပေးရန် နှောင့်နေးနေကြောင်း သိရသည်။

ရုရှားသည် ယူကရိန်းကိုစတင်တိုက်ခိုက်ခဲ့ပြီးနောက် နှစ်နှစ်ကျော်အတွင်း ယူကရိန်းပိုင်နက်လေးခုကို သိမ်းပိုက်ထားပြီး၊ ယူကရိန်းက အဆိုပါနယ်မြေဒေသများ ပြန်လည်ရရှိရန် ကြိုးပမ်းနေသော်လည်း မျှော်လင့်သလောက်အောင်မြင်မှုမရသေးကြောင်း သိရသည်။

ဥရောပသမဂ္ဂသည် ယူကရိန်းကို ယူရိုဘီလျံနှင့်ချီပြီး ကူညီထောက်ပံ့ပေးရန် သဘောတူညီထားသလို ဂျာမနီကလည်း စစ်ရေးအကူညီများပေးရန် စီစဉ်နေကြောင်း သိရသည်။

တရုတ်အစိုးရက ယူကရိန်းကို စစ်ရေးအကူညီများပေးပို့ခြင်းသည် စစ်ပွဲအချိန် ပိုမိုကြာမြင့်လာဖွယ်ရှိနေသည်ဟု ဝေဖန်ထားသည်။

ကောင်းထက်ငွေ

channelnewsasia.com

ရုရှားက ယူကရိန်းကို လာမည့်နွေရာသီတွင် ကြီးမားသော ထိုးစစ်ဆင်ရန် ပြင်ဆင်နေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.