ရုရှားကို တန်ပြန်ထိုးစစ်အသစ်များ ထပ်မံလုပ်ဆောင်သွားမည်ဖြစ်ဟု ယူကရိန်းသမ္မတ ဆို

ကိဗ်၊ ဖေဖော်ဝါရီ ၂၄

ယူကရိန်းနိုင်ငံအနေဖြင့် ရုရှားနိုင်ငံကို ထိုးစစ်ဆင်တိုက်ခိုက်မှုအသစ်များ ထပ်မံလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးကပြောကြားကြောင်း Fox News သတင်းဌာနက ဖော်ပြထားသည်။

ယူကရိန်းသည် ပြီးခဲ့သောနှစ်တွင် ရုရှားနိုင်ငံအပေါ် ကြီးမားသောတန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သော်လည်း မျှော်လင့်သလောက် အောင်မြင်မှုမရခဲ့ကြောင်း သိရသည်။

ယူကရိန်းသည် ပြီးခဲ့သောသီတင်းပတ်ကလည်း ဒွန်းဘက်စ်ဒေသရှိ အက်ဒီဗီကာမြို့သိမ်းပိုက်ခံရပြီး ဝေဖန်ပြစ်တင်ခံခဲ့ရကြောင်း သိရသည်။

ယူကရိန်းသမ္မတ ဇီလန်စကီးက “ တန်ပြန်ထိုးစစ်ဆင်မှု တိုက်ခိုက်ခဲ့ပေမယ့် မျှော်လင့်သလောက် အောင်မြင်မှုမရခဲ့ဘူး၊ စစ်ပွဲပြီးဆုံးချိန်မှာ ကျွန်တော်တို့အနိုင်ရရမယ်။ ယူကရိန်း စစ်သားတွေအတွက် အဓိကဦးစားပေးက ကြီးမားတဲ့ ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေကို ရှောင်ရှားဖို့ဖြစ်တယ်။ ကျွန်တော်တို့စစ်သားတွေ ဆုံးရှုံးမယ်ဆိုရင် စစ်ပွဲကရှုံးနိမ်သွားမယ်။အနောက်အုပ်စုနိုင်ငံတွေက ခေတ်မီလက်နက်တွေ ကူညီထောက်ပံ့ပေးရင်လည်း စစ်သားတွေမရဘူးဆိုရင် စစ်ပွဲရှုံးရမှာဖြစ်တယ်။” ဟု ပြောသည်။

ယူကရိန်းနှင့် ရုရှားနိုင်ငံကြားဖြစ်ပွားနေသည့် စစ်ပွဲက နှစ်နှစ်ကျော်ကြာနေပြီး၊ ရုရှားက ယူကရိန်းပိုင်နက်ဒေသလေးခုကို သိမ်းပိုက်ထားကြောင်း သိရသည်။

အနောက်အုပ်စုနိုင်ငံများသည် ယူကရိန်းကို ခေတ်မီလက်နက်များ ကူညီထောက်ပံ့ပေးခဲ့သော်လည်း ကြီးမားသောတန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်မှုများ မအောင်မြင်သည့်အတွက် စိတ်ဆိုးဒေါသဖြစ်နေပြီး စိတ်ပျက်နေကြောင်း သတင်းများထွက်ပေါ်နေသည်။

ယူကရိန်းသမ္မတက “ ကျွန်တော်တို့ဟာ တန်ပြန်ထိုးစစ်ဆင်မှု တိုက်ခိုက်မှုအသစ်တွေ ထပ်မံလုပ်ဆောင်သွားမယ်။ လက်ရှိအချိန်မှာ ပြင်ဆင်နေတယ်။” ဟု ပြောသည်။

ယူကရိန်းသမ္မတသည် ရုရှားနိုင်ငံအပေါ် တန်ပြန်ထိုးစစ်ဆင်မည်ဟုပြောဆိုခဲ့သော်လည်း မည့်သည်အချိန်တွင် တန်ပြန်ထိုးစစ်ဆင်မည်ဆိုသောအချက်ကို အတိအကျ ထုတ်ဖော်ပြောဆိုခြင်းမရှိကြောင်း သိရသည်။

ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုဂူးက ၂၀၂၃ ခုနှစ်အတွင်း ယူကရိန်းတပ်ဖွဲ့ဝင် ၂၁၅,၀၀၀ ကျော်ကျဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ယူကရိန်းတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သောသီတင်းပတ်အတွင်းဖြစ်ပွားခဲ့သော အက်ဒီဗီကာမြို့တိုက်ပွဲတွင်လည်း ထိခိုက်ကျဆုံးခဲ့ရသလို၊ ယူကရိန်းတပ်ဖွဲ့ဝင် ၁၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ကောင်းထက်ငွေ

azerbaycan24.com

ရုရှားကို တန်ပြန်ထိုးစစ်အသစ်များ ထပ်မံလုပ်ဆောင်သွားမည်ဖြစ်ဟု ယူကရိန်းသမ္မတ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.