ရန်ကုန်၊ စက်တင်ဘာ ၉
စစ်ကိုင်တိုင်း၊ ရေဦးခရိုင်၊ တန့်ဆည်မြို့နယ်နှင့် ကလေးဝမြို့နယ်တို့ကို ဆက်သွယ်ထားသည့် မဟာမြိုင်ကားလမ်းသည် ရာသီဥတုကြောင့် ဆိုးရွားစွာပျက်စီးနေ၍ ကုန်တင်ကားများ ရာနှင့်ချီကာ ပိတ်မိနေကြောင်း ဒေသခံ ကုန်တင်ယာဥ်မောင်းများထံမှ သိရသည်။
ယမန်နေ့ စက်တင်ဘာ ၈ ရက်တွင် မဟာမြိုင်လမ်း တောဂျင်နှင့် တောင်ကျောင်းကြား ၃၇ မိုင်၌ ၁၂ ဘီးကားတစ်စီး မိုးများ၍ လမ်းချော်ပြီးလဲသွားကြောင်း သိရသည်။
ထို့အပြင် အဆိုပါလမ်း၌ မိုးများသောကြောင့် လမ်းများချော်နေပြီး ၅၆ မိုင် တောင်ပေါ်သို့ ကားများမတက်နိုင်၍ လမ်းပိတ်ထားရပြီး ပျဥ်းကိုင်းနှင့် ကလေးဝကြားတွင်လည်း လမ်း ကိုဖြတ်သန်းစီးဆင်းသောချောင်းမှာ ရေးများပြီး လမ်းပေါ်ရေကျော်နေသဖြင့် သွားလာ၍မရကြောင်း ဒေသတွင်း ကုန်တင်ယာဥ်မောင်းများထံမှ သိရသည်။
“ ကားတွေစောင့်နေကြတာ တစ်ပတ်လောက်ရှိပြီ။ တောဂျင်စခန်းရှိတယ်။ အဲ့ကနေ ၅၅ မိုင်၊ ၅၆ မိုင်၊ ၅၇ မိုင်မှာ တောင်ပေါ်နတ်နန်းလည်းရှိတယ်။ အဲ့နားမှာ မြေမခင်းရသေးတော့ ဗွတ်တွေနစ်ကြတာပေါ့။ အဲ့တော့ ကားတွေကို အသုတ်လိုက်လွှတ်ပြီးသွားတာပေါ့။ အဲ့မှာ ပထမ ၅၀ လောက်လွှတ်လိုက်တော့ ၅၀ လောက်က သွားပြီးပိတ်နေတယ် ကားတစ်စီး

လောက် ဗွက်နစ်မယ်၊ လဲကျမယ်ဆို ကန့်လန့်ဖြစ်သွားမယ်ဆို ဆက်သွားလို့ မရတော့ဘူးလေ။ ၁၂ ဘီးကားတွေ အပေါ်မှာ ၅၀၊ အောက်မှာ ၇၀ လောက် ပိတ်မိနေတာပေါ့” ဟု ဒေသ ခံကုန်တင်ယာဥ်မောင်းတစ်ဦးက ပြောသည်။
ထိုသို့ ကားဗွက်နစ်ကာ သွားလာရန်ခက်ခဲနေသည့် ယာဥ်များအား ထွန်စက်များ ဖြင့်ဆွဲထုတ်ရပြီး ၁၂ ဘီးကားတစ်စီးလျှင် ထွန်စက်အနည်းဆုံး ၃ စီးအသုံးပြုရကာ ကုန်ကျစရိတ် နှစ်သိန်းကျော်ရှိကြောင်း သိရသည်။
“ ဒီလမ်းက မိုးတွင်းဆို သွားရတာ တအားခက်တယ်။ အရင် ဒီလမ်းကို ဒီရာသီမှာ မသုံးဘူး။ ဂန့်ဂေါတစ်လမ်းပဲ သုံးတာ။ အခု လမ်းပိတ်ထားလို့သာ ဒီလမ်းကို သုံးနေရတာ။” ဟု မန္တလေးမှ ကုန်တင်ယာဥ်မောင်းတစ်ဦးက ပြောသည်။
လက်ရှိတွင် မဟာမြိုင်တောထဲရှိ ပျဥ်းကိုင်းတောင်ပေါ်၌ ကုန်တင်ကား ၇၀ ခန့်၊ တောဂျင်၌ ၁၂ ဘီးကုန်ကား ၅၀ ခန့်စောင့်ဆိုင်းနေကြရကြောင်း သိရသည်။
မြန်မာ-အိန္ဒိယနယ်စပ်ကုန်သွယ်ရေးအတွက် မဟာမြိုင်လမ်းသည် အဓိက အသုံးပြုနေရသည့်လမ်းဖြစ်ပြီ ချင်းတွင်းမြစ်အထက်ပိုင်းရှိ မော်လိုက်၊ ဖောင်းပြင် ၊ ဟုမ္မလင်း၊ ခန္တီး စသည့်မြို့များ၏ ကုန်စည်စီးဆင်းမှုအတွက် ထိုလမ်းကိုအသုံးပြုကြရကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။
ရာသီဥတုကြောင့်သာမက တိုက်ပွဲများကြောင့်လည်း သြဂုတ်လအတွင်းက ရက် ၂၀ ကျော်ကြာ ပိတ်ထားခဲ့ပြီး ကုန်စည်စီးဆင်းမှု ရပ်တန့်ခဲ့ရသည်။ ယခုအခါ လမ်းပြန်လည်အသုံး ပြုခွင့် ရရှိထားသော်လည်း ရာသီဥတုကြောင့် ကုန်တင်ယာဥ်များမှာ အခက်အခဲများစွာရှိနေကြောင်း သိရသည်။
ဂျူဂျူး
ဓာတ်ပုံ – ဒေသခံတစ်ဦး
ရာသီဥတုကြောင့် မဟာမြိုင်လမ်း ဆိုးရွားစွာပျက်စီးနေ၍ ကုန်တင်ကား ရာနှင့်ချီကာ ပိတ်မိနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်