ရာသီပေါ်သီးနှံများ ပြည်ပဈေးကွက်ထက် ပြည်တွင်းဈေးကွက်ကိုသာအားပြုနေရ ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသည့် ရာသီပေါ်သီးနှံများကို ပြည်ပဈေးကွက်ထက် ပြည်တွင်းဈေးကွက်ကိုသာအားပြုနေရကြောင်း သစ်သီးကုန်သည်များ၏ ပြောပြချက်အရ သိရ သည်။

ယခုအချိန်သည် ဖရဲနှင့် သခွားမွှေးပေါ်ချိန်ဖြစ်သော်လည်း လမ်းကြောင်းအခြေအနေနှင့် သယ်ယူပို့ဆောင်ရေးစရိတ်ကြောင့် ပြည်ပသို့တင်ပို့နိုင်ခြင်းမရှိကြောင်း သိရသည်။

“သစ်သီးအများစုက တရုတ်ကိုပို့တာများတယ်။ မူဆယ်ဘက်လမ်းကြောင်းကလည်း မပွင့်တော့ မိုင်းလားဘက်ကနေ ပို့ရတယ်။ မိုင်းလားကနေသွားတော့လည်း သယ်ယူပို့ဆောင် ရေးစရိတ်ကြောင့် မတင်ပို့နိုင်ဘူး။ အဲဒီလိုပဲ တရုတ်ကနေသွင်းတဲ့ အသီးတွေဆိုရင်လည်း လမ်းကြောင်းကပတ်သွင်းနေရတော့ ဒီရောက်ရင် ဈေးကြီးကုန်တာ။ ကုန်သည်တွေက လည်း ဘယ်အရှုံးခံမလဲ။ တန်ဖိုးကထပ်ဆင့်ထပ်ဆင့်မြင့်တက်သွားတာ။” ဟု သစ်သီးကုန်သည်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မြန်မာ့သစ်သီးဝလံ ပို့ကုန်တင်ပို့မှုအား တရုတ်စျေးကွက်ကို အားထားတင်ပို့နေခြင်းဖြစ်ပြီး ပုံမှန်ထက် ၆၀ ရာခိုင်နှုန်းလျော့ကျခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမှထွက်ရှိသည့် သစ်သီးများကို တရုတ်နိုင်ငံသို့တင်ပို့ရာတွင် ယခင်က မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးစခန်းမှ အဓိကအများဆုံးတင်ပို့နေကြောင်း သိရသည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သီးနှံ ၂၅ မျိုးကို အဓိကထားတင်ပို့နေခြင်းဖြစ်ပြီး ကိုဗစ်ကာလမတိုင်ခင် တစ်နှစ်လျှင် ပျမ်းမျှအမေရိကန်ဒေါ်လာသန်း ၁၄၀ ဝန်းကျင်အထိ ဝင်ငွေရရှိနေခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

#စုစု

ဓာတ်ပုံ – CJ

#ယနေ့ခေတ်

ရာသီပေါ်သီးနှံများ ပြည်ပဈေးကွက်ထက် ပြည်တွင်းဈေးကွက်ကိုသာအားပြုနေရ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.