ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၇
အစ္စရေးနိုင်ငံသည် ရာမာဒန်ကာလအတွင်းတွင် ဂါဇာစစ်ပွဲကိုရပ်တန့်ထားရန် အဆင့်သင့်ရှိနေကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဆိုသည်။
မွတ်စလင်များ၏ ဘာသာရေးကာလဖြစ်သော ရာမာဒန်ကာလအတွင်း စစ်ပွဲရပ်တန့်ရေးအတွက် အစ္စရေးသည် လာမည့်သီတင်းပတ်အတွင်း စာချုပ်လက်မှတ်ရေးထိုးရန် အဆင့်သင့်ရှိနေကြောင်း ပြောသည်။
သို့သော်လည်း ဟားမက်စ်လက်နက်ကိုင်အုပ်စုကတော့ အမေရိကန်သမ္မတ၏ ပြောဆိုချက်များနှင့်ပတ်သက်ပြီး တစ်စုံတရာမှတ်ချက်ပြုပြောဆိုခြင်း မရှိသေးကြောင်း သိရသည်။
အမေရိကန်သမ္မတက “ ရာမာဒန်ကာလ လာတော့မယ်။ အစ္စရေးဟာ အဲဒီကာလအတွင်း ဂါဇာဒေသကို တိုက်ခိုက်တာမျိုးတွေမလုပ်ဖို့ သဘောတူညီဖွယ်ရှိနေပါတယ်။ ဟားမက်စ်အဖွဲ့လက်ထဲ ဖမ်းဆီးခံရသူတွေ ပြန်လွှတ်မြောက်စေဖို့ အချိန်ပေးရဖွယ်ရှိနေပါတယ်။” ဟု ပြောသည်။
ရာမာဒန်ကာလသည် မတ်လ ၁၀ ရက်နေ့တွင် စတင်မည်ဖြစ်ရာ ဂါဇာစစ်ပွဲရပ်တန့်ထားရေးနှင့်ပတ်သက်ပြီး လာမည့်မတ်လ ၄ ရက်နေ့မှစတင်ပြီး သဘောတူညီမှုရရှိမည်ဟုမျှော်လင့်ထားကြောင်း ဂျိုးဘိုင်ဒန်က ပြောသည်။
အမေရိကန်သမ္မတက “ ရာမန်ဒန် ကာလအတွင်း အပစ်ခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး ဆွေးနွေးနေတယ်။ သဘောတူညီမှုရဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့် လက်ရှိအချိန်ထိတော့ စာချုပ်ချုပ်ဆိုနိုင်ခြင်း မရှိသေးဘူး။ လာမယ့်မတ်လ ၄ ရက်နေ့မှာ အပစ်ခတ်ရပ်စဲရေးရယူနိုင်ဖို့ မျှော်လင့်ထားတယ်။” ဟု ပြောသည်။
ပြီးခဲ့သောသီတင်းပတ်က ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင် အမေရိကန်၊ အစ္စရေးအပြင် အီဂျစ်၊ ကာတာတို့မှ တာဝန်ရှိသူများသည် ဂါဇာစစ်ပွဲအပစ်ခတ်ရပ်စဲရန် စေ့စပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဟားမက်စ်နှင့် အစ္စရေးနိုင်ငံကြား ဖြစ်ပွားနေသည့် စစ်ပွဲကာလအတွင်း ယာယီအပစ်ခတ်ရပ်စဲရေးသည် နိုဝင်ဘာလအတွင်း ငါးရက်ကျော်ကြာရရှိခဲ့သော်လည်း ဒီဇင်ဘာလအစောပိုင်းတွင် ပျက်သုန်းသွားပြီး လက်ရှိအချိန်အထိ တိုက်ခိုက်နေဆဲဖြစ်သည်။
အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ဖြစ်ပွားနေသည့်စစ်ပွဲသည် လေးလကျော်ကြာမြင့်နေပြီး လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲရေး ရယူနိုင်ခြင်းမရှိသေးကြောင်း သိရသည်။ ဟားမက်စ်အဖွဲ့သည် လူပေါင်း ၁၀၀ ကျော်ကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။
ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာ အဖွဲ့စည်းများကလည်း လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးနိုင်ရန်အတွက် ဂါဇာစစ်ပွဲကို အပစ်ခတ်ရပ်စဲထားရန် တိုက်တွန်းတောင်းဆိုနေဆဲဖြစ်သည်။
ကောင်းထက်ငွေ
channelnewsasia.com
ရာမာဒန်ကာလအတွင်း ဂါဇာစစ်ပွဲရပ်တန့်ထားရန် အစ္စရေးအဆင့်သင့်ရှိနေဟု အမေရိကန်သမ္မတ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်