ရာဖယ်မြို့အတွင်းမှ အရပ်သားများထွက်သွားချိန်တွင် တိုက်ခိုက်မည်ဟု အစ္စရေးဝန်ကြီးချုပ် ဆို

ရာဖယ်၊ ဖေဖော်ဝါရီ ၁၇

ဂါဇာဒေသ ရာဖယ်မြို့အတွင်းမှ အရပ်သားများကို ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းပေးပြီးချိန်တွင် ရာဖယ်မြို့ကို အင်အားအပြည့်ဖြင့် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အစ္စရေးဝန်ကြီး ချုပ် နေတန်ရာဟုက ပြောသည်။

အစ္စရေးအစိုးရသည် လက်ရှိအချိန်တွင် ရာဖယ်မြို့အတွင်းမှ ပြည်သူများကို တိုက်ပွဲဇုန်အတွင်းမှ အမြန်ဆုံးထွက်ခွာရန် ခွင့်ပြုပေးထားကြောင်း အစ္စရေးဝန်ကြီးချုပ်က ပြောသည်။

အစ္စရေးဝန်ကြီးချုပ်က “ တိုက်ပွဲဇုန်ထဲကနေ အရပ်သားတွေအားလုံး ထွက်သွားချိန်မှာ ရာဖယ်မြို့ကို အင်အားအပြည့်နဲ့ အပြီးသတ်နိုင်ပွဲရချိန်အထိ တိုက်ခိုက်သွားမယ်။ ပြန်ပေးဆွဲခံထားရသူအားလုံး ပြန်လွှတ်မြောက်ရေးအတွက် စစ်ရေးဖိအားပေးမှုများ ထပ်မံလုပ်ဆောင်ရမှာဖြစ်တယ်။” ဟု ပြောသည်။

ဟားမက်စ်အဖွဲ့သည် အစ္စရေးနိုင်ငံကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် လူပေါင်း ၂၀၀ ကျော်ကို ပြန်ပေးဆွဲခဲ့ရာ လက်ရှိအချိန်တွင် လူပေါင်း ၁၃၀ ကျော် ပြန်ပေးဆွဲခံထားရဆဲဖြစ်ကြောင်း သိရသည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုသည် ဟားမက်စ်လက်နက်ကိုင်အဖွဲ့နှင့် အပစ်ခတ်ရပ်စဲရေး ကမ်းလှမ်းမှုများကို ငြင်းဆန်ထားပြီး၊ စစ်ပွဲကိုအဆုံးအထိ ဆက်တိုက်သွားရန် စီစဉ်ထားကြောင်း သိရသည်။

ဂါဇာစစ်ပွဲအဆုံးသတ်နိုင်ရန်အတွက် အမေရိကန်၊ ကာတာနှင့် အီဂျစ်နိုင်ငံတို့ ကြားဝင်စေ့စပ်ဆွေးနွေးခဲ့သော်လည်း လက်ရှိအချိန်အထိ မျှော်လင့်သလောက် အောင်မြင်မှုမရ ကြောင်း သိရသည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုသည် လက်ရှိအချိန်တွင် မည်သူပြောစကားကိုမှ နားမထောင်တော့ကြောင်း၊ ဥရောပသမဂ္ဂ ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ဝေဖန်ခဲ့သည်။

အစ္စရေးသည် ဂါဇာဒေသကို တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေခြင်းကြောင့် နိုင်ငံတကာတရားရုံးကိုလည်း စုံစမ်းစစ်ဆေး အကဲဖြတ်ပေးရန် တောင်အာဖရိကနိုင်ငံက ထပ်မံတောင်းဆိုထားသည်။

ကောင်းထက်ငွေ

alarabiya.net/News

ရာဖယ်မြို့အတွင်းမှ အရပ်သားများထွက်သွားချိန်တွင် တိုက်ခိုက်မည်ဟု အစ္စရေးဝန်ကြီးချုပ် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.