နယူးယောက်၊ ဖေဖော်ဝါရီ ၁၅
အစ္စရေးသည် ရာဖယ်မြို့အတွင်း ပိတ်မိနေသည့်အရပ်သားများကို ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းပေးရေးအတွက် ဆက်သွယ်ဆောင်ရွက်ခြင်းမရှိကြောင်း ကုလသမဂ္ဂက ပြောသည်။
ကုလသမဂ္ဂ လူသားချင်းဆိုင်ရာ စာနာမှုအကူအညီပေးရေးအဖွဲ့ OCHA က အစ္စရေးသည် ရာဖယ်မြို့အတွင်း တိုက်ခိုက်နေရာတွင် အရပ်သားများကို ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းပေးရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊ သို့မဟုတ် တစ်နိုင်ငံတည်းလုပ်ဆောင်ခြင်းများ မရှိခဲ့ကြောင်း ပြောသည်။
OCHAအဖွဲ့ ၏ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သော ဂျင်လာရာကီက “ ရာဖယ်မြို့အတွင်းကနေ အရပ်သားတွေကို ဘေးလွှတ်ရာကို ရွှေ့ပြောင်းပေးဖို့ အစ္စရေးအစိုးရ တာဝန်ရှိသူတွေဟာ ဆက်သွယ်လာတာမျိုးကို လက်ခံမရခဲ့ဘူး။ ကုလသမဂ္ဂအဖွဲ့စည်းတွေဟာလည်း ရာဖယ်မြို့အတွင်းကနေ အရပ်သားတွေကို ဘေးကင်းရာကို ရွှေ့ပြောင်းပေးနိုင်ဖို့ ပါဝင်ဆောင် ရွက်နိုင်တာမျိုး မရှိခဲ့ဘူး။ ဒါ့အပြင် ကူညီကယ်ဆယ်ရေးအဖွဲ့တွေဟာလည်း ရာဖယ်မြို့အတွင်းရှိ လူတွေကို သီးခြားကယ်ထုတ်တာမျိုး လုပ်လို့မရဘူး၊ လက်ရှိအချိန်မှာ ရာဖယ်မြို့ထဲကနေ အရပ်သားတွေကို ဘေးလွှတ်ရာကို ရွှေ့ပြောင်းပေးနိုင်မယ့် အစီအစဉ်မရှိဘူး။” ဟု ပြောသည်။
အစ္စရေးအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သူ လီဗိုင်းက “ စစ်ပွဲဇုန်အတွင်းကနေ အရပ်သားတွေကို ကယ်ထုတ်နိုင်ဖို့၊ ဟားမက်စ်အဖွဲ့လက်ထဲကနေ အရပ်သားတွေကို ကာကွယ်ပေးဖို့ အစ္စရေးရဲ့ကြိုးပမ်းမှုတွေကို ကုလသမဂ္ဂအေဂျင်စီတွေ ပူးပေါင်းဆောင်ရွက်ပေးစေလိုတယ်။ ဟားမက်စ်အုပ်စုတွေဟာ အရပ်သားတွေကို လူသားတံတိုင်းအဖြစ် အသုံး ပြုနေတယ်။” ဟု ပြောသည်။
အစ္စရေးသည် ဂါဇာစစ်ပွဲ အပစ်ခတ်ရပ်စဲရေးကို ငြင်းဆန်ပယ်ချထားပြီး ရာဖယ်မြို့ကို တိုက်ခိုက်မှုများ ဆက်လက်လုပ်ကိုင်နေကြောင်း သိရသည်။
ကောင်းထက်ငွေ
alarabiya.net/News
ရာဖယ်မြို့ထဲမှပြည်သူများ ဘေးလွှတ်ရာရွှေ့ပြောင်းနိုင်ရန် အစ္စရေးနိုင်ငံ ပူးပေါင်းခြင်းမရှိကြောင်း ကုလသမဂ္ဂ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်