ရာဖယ်မြို့ကို တိုက်ခိုက်မည်ဆိုလျှင် အစ္စရေးနိုင်ငံကို စစ်လက်နက်ပစ္စည်းများ တင်ပို့မည်မဟုတ်ကြောင်း အမေရိကန်သမ္မတ သတိပေး

ဝါရှင်တန်၊ မေ ၉

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အစ္စရေးနိုင်ငံသည် ရာဖယ်မြို့ကို ကျူးကျော်တိုက်ခိုက်မှုများ ထပ်မံလုပ်ဆောင်မည်ဆိုလျှင် အစ္စရေးနိုင်ငံကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးမည့်အစီအစဉ်ကို ရပ်တန့်သွားမည်ဖြစ်ကြောင်း သတိပေးလိုက်သည်။

အစ္စရေးတပ်ဖွဲ့များသည် ဟားမက်စ်လက်နက်ကိုင်အုပ်စုကို ဖြိုခွင်းနိုင်ရန်အတွက် ပြီးခဲ့သောရက်ပိုင်းက ရာဖယ်မြို့အတွင်းသို့ ဝင်ရောက်သွားခဲ့ကြောင်း သိရသည်။

အမေရိကန်အစိုးရက ၎င်းတို့သည် အစ္စရေးနိုင်ငံကို အမေရိကန်နိုင်ငံထုတ်ဗုံးများ ကူညီထောက်ပံ့ပေးရန်စေလွှတ်မည့် သင်္ဘောများရပ်တန့်သွားမည်ဟု ပြီးခဲ့သောသီတင်းပတ်တွင်သတိပေးခဲ့ပြီးနောက် အမေရိကန်သမ္မတက လူသိရှင်ကြားသတိပေးခဲ့ခြင်းဖြစ်သည်။

အမေရိကန်သမ္မတက “ အစ္စရေးတပ်ဖွဲ့တွေဟာ ရာဖယ်မြို့ကို ဝင်ရောက်ပြီး တိုက်ခိုက်မှုတွေ ထပ်မံလုပ်ဆောင်မယ်ဆိုရင်တော့ အစ္စရေးတပ်ဖွဲ့တွေအသုံးပြုဖို့ လက်နက်တွေကူညီထောက်ပံ့ပေးမှာ မဟုတ်တော့ဘူး။ အစ္စရေးနိုင်ငံကို အမြှောက်ကျည်ဆံတွေနဲ့ လက်နက်တွေကူညီပေးမှာမဟုတ်ဘူး။” ဟု ပြောသည်။

အမေရိကန်သမ္မတသည် အစ္စရေးနိုင်ငံအား တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃ ဘီလျံ ကူညီထောက်ပံ့ပေးမည့်အစီအစဉ်ကို ရပ်တန့်ထားရန် တောင်းဆိုမှုများကို ငြင်းဆန်ခဲ့သူဖြစ် သည်။

အစ္စရေးဝန်ကြီးချုပ်က ၎င်းတို့အနေဖြင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းနိုင်ရန်အတွက် ရာဖယ်မြို့သို့ ထိုးဖောက်ဝင်ရောက်တိုက်ခိုက်မည်ဟု ပြီးခဲ့သောသီတင်းပတ်အတွင်း ပြောဆိုခဲ့သည်။

အမေရိကန်အစိုးရသည် လက်ရှိအချိန်တွင် ပါလက်စတိုင်းလူမျိုး ၃ သောင်းကျော်သေဆုံးစေခဲ့သော ဂါဇာစစ်ပွဲနှင့်ဆက်နွယ်ပြီး အစ္စရေးနိုင်ငံကို ကူညီထောက်ပံ့ပေးခြင်းအတွက်ဝေဖန်ပြစ်တင်မှုများ ရင်ဆိုင်နေရကြောင်း သိရသည်။

ကောင်းထက်ငွေ

channelnewsasia.com

ရာဖယ်မြို့ကို တိုက်ခိုက်မည်ဆိုလျှင် အစ္စရေးနိုင်ငံကို စစ်လက်နက်ပစ္စည်းများ တင်ပို့မည်မဟုတ်ကြောင်း အမေရိကန်သမ္မတ သတိပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.