ရာထူးမှဖြုတ်ချခံရသော ဝန်ကြီးချုပ်နေရာတွင် ဝန်ကြီးချုပ်အသစ် အစားထိုးခန့်အပ်မည်ဟု ပြင်သစ်သမ္မတ ဆို

ပါရီ၊ ဒီဇင်ဘာ ၆

ပြင်သစ်သမ္မတ မက်ခရွန်က ၎င်းအနေဖြင့် လာမည့်ရက်ပိုင်းအတွင်း ဝန်ကြီးချုပ်အသစ် ထပ်မံခန့်အပ်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

ပြင်သစ်သမ္မတ မက်ခရွန်က ဝန်ကြီးချုပ်အဖြစ်တာဝန်ယူရန် ရွေးချယ်ခန့်အပ်ခဲ့သော မိုက်ကယ် ဘာနီယာသည် ပြီးခဲ့သောရက်ပိုင်းတွင် လွှတ်တော်အတွင်း အယုံကြည်မရှိအဆို တင်သွင်းခံရပြီးနောက် ရာထူးမှနုတ်ထွက်ခဲ့ရာ ပြင်သစ်အစိုးရအဖွဲ့ ပြိုလဲခဲ့ကြောင်း သိရသည်။

ပြင်သစ်သမ္မတ မက်ခရွန်သည် လက်ရှိအချိန်တွင် အတိုက်ခံပါတီများ၏ နိုင်ငံရေးဖိအားပေးခြင်းများ ရင်ဆိုင်နေရသလို ရာထူးမှနုတ်ထွက်ရန် တောင်းဆိုခံနေရသော်လည်း သမ္မတသက်တမ်းကုန်ဆုံးမည့် ၂၀၂၇ ခုနှစ်အထိ သမ္မတအဖြစ် ဆက်တာဝန်ယူမည်ဖြစ်ကြောင်း ထပ်မံပြောဆိုခဲ့သည်။

ပြင်သစ်သမ္မတက လက်ဝဲစွန်းပါတီနှင့် လက်ယာစွန်းပါတီများပူးပေါင်းပြီး အစိုးရကိုဖြုတ်ချရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း စွပ်စွဲပြစ်တင်ထားသည်။

ဘာနီယာသည် ဝန်ကြီးချုပ်အဖြစ်တာဝန်ယူရန် ပြင်သစ်သမ္မတ မက်ခရွန်က ခန့်အပ်ခံရပြီးနောက် သုံးလကျော်အကြာတွင် လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်ခံရကာ ရာထူးမှထွက်ခဲ့ရခြင်းဖြစ်သည်။

ပြင်သစ်လွှတ်တော်သည် နှစ်ပေါင်း ၆၀ ကျော်အတွင်း အစိုးရအဖွဲ့ပြိုလဲစေရန် ဝန်ကြီးချုပ်ကို လွှတ်တော်တွင် ပထမဆုံးအကြိမ် စွပ်စွဲပြစ်တင်ခဲ့ခြင်းဖြစ်သည်။

ပြင်သစ်ဝန်ကြီးချုပ်ကို ဖြုတ်ချနိုင်ရန်အတွက် ပြင်သစ် New Popular Front (NFP) ပါတီဦးဆောင်သော လက်ဝဲစွန်းညွှန်ပေါင်းပါတီများအဖွဲ့နှင့် RN ပါတီဦးဆောင်သော လက် ယာစွန်းညွှန်ပေါင်းပါတီများပူးပေါင်းကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ပြင်သစ်သမ္မတက “ လူအများအပြားဟာ သမ္မတရွေးကောက်ပွဲကို စောစောမကျင်းပမှုနဲ့ပတ်သက်ပြီး ကျွန်တော်ကိုပြစ်တင်ဝေဖန်ကြတယ်။ ဒါပေမယ့် ဖြစ်လာသမျှအရာအားလုံးကို ကျွန်တော်တာဝန်ယူသွားမယ်။” ဟု ပြောသည်။

ပြင်သစ်အတိုက်ခံပါတီများသည် သမ္မတရွေးကောက်ပွဲကျင်းပရန် တောင်းဆိုနေသော်လည်း မက်ခရွန်က ဇူလိုင်လအတွင်းက ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။

ကောင်းထက်ငွေ

bbc.com

ရာထူးမှဖြုတ်ချခံရသော ဝန်ကြီးချုပ်နေရာတွင် ဝန်ကြီးချုပ်အသစ် အစားထိုးခန့်အပ်မည်ဟု ပြင်သစ်သမ္မတ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.