ရာထူးမှဆိုင်းငံ့ခံထားရသော တောင်ကိုရီးယားသမ္မတယွန်ဆက်ယိုလ်ကို ဖမ်းဆီးရန်ကြိုးပမ်းမှု မအောင်မြင်

ဆိုးလ်၊ ဇန်နဝါရီ ၃

တောင်ကိုရီးယားရဲတပ်ဖွဲ့သည် ရာထူးမှဆိုင်းငံ့ခံထားရသော သမ္မတယွန်ဆက်ယိုလ်ကို ဇန်နဝါရီ ၂ ရက်နေ့က ဖမ်းဆီးရန်ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရခဲ့သည့်အတွက် ဆိုင်းငံ့ခဲ့ရကြောင်း သိရသည်။

တောင်ကိုရီးယား အကျင့်ပျက်လာဘ်စားမှုတိုက်ဖျက်ရေးရုံး (CIO) သည် ရာထူးမှဆိုင်းငံ့ခံထားရသော သမ္မတယွန်ဆက်ယိုလ်ကို ဖမ်းဆီးရန်တောင်းဆိုခဲ့ပြီးနောက် တောင်ကိုရီးယားတရားရုံးက ဖမ်းဝရမ်းထုတ်ပေးခဲ့ရာ ရဲတပ်ဖွဲ့ကဖမ်းဆီးရန်ကြိုးပမ်းခဲ့ကြောင်း သိရသည်။

ယွန်ဆက်ယိုလ်ကို ဖမ်းဆီးရန်ကြိုးပမ်းချိန်တွင် ထောက်ခံသူများနှင့် ဆန့်ကျင့်သူအုပ်စုများကြား ထိပ်တိုက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

CIO ရုံးက “ ကျွန်တော်တို့ ယွန်ဆက်ယိုလ်ကိုဖမ်းဆီးဖို့ လက်တွေ့မဖြစ်နိုင်ဘူး။ ယွန်ဆက်ယိုလ်ကိုယ်တိုင်ကလည်း ဖမ်းဝရမ်းထုတ်ခံရခြင်းကို လက်မခံတဲ့အတွက် အခက်ခဲဖြစ်ရ တယ်။” ဟု ပြောသည်။

လက်ရှိအချိန်တွင် ယွန်ဆက်ယိုလ်ကို ဖမ်းဆီးရန်ကြိုးပမ်းမှု မအောင်မြင်သည့်အတွက် ပြန်လည်သုံးသပ်ပြီးနောက် နောက်ထပ်လုပ်ဆောင်ရမည့်အဆင့်များကို ဆုံးဖြတ်သွားရမည်ဖြစ်ကြောင်း သိရသည်။

ယွန်ဆက်ယိုလ်ကို ဖမ်းဆီးရန်ဆိုင်းငံ့လိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးနောက် သမ္မတရုံးအဆောက်အဦးအပြင်ဘက်တွင်ရှိနေသော ယွန်ဆက်ယိုလ်ကို အားပေးထောက်ခံသူများ အော်ဟစ်အောင်ပွဲခံခဲ့ပြီး အနိုင်ရခဲ့ကြောင်း ကြွေးကြော်ခဲ့သည်။

ယွန်ဆက်ယိုလ်ကိုဖမ်းဆီးရန် ဆိုင်းငံ့လိုက်ခြင်းသည် မြေပြင်တွင်ရှိနေသော လုံခြုံရေးတပ်ဖွဲ့ဝင်များ ဘေးကင်းလုံခြုံရေးနှင့်ပတ်သက်ပြီး စိုးရိမ်ခဲ့ရသောကြောင့်ဖြစ်သည်ဟု ပြော သည်။

ယွန်ဆက်ယိုလ်သည် ဒီဇင်ဘာလအစောပိုင်းတွင် စစ်အုပ်ချုပ်ရေးဥပဒေထုတ်ပြန်ခဲ့ပြီးနောက် အတိုက်ခံနိုင်ငံရေးပါတီများအပြင် ပြည်သူများ၏ ဝေဖန်ပြစ်တင်ခြင်းကိုခံခဲ့ရကြောင်း သိရသည်။

အတိုက်ခံပါတီ၏ လွှတ်တော်ကိုယ်စားလှယ်များသည် ယွန်ဆက်ယိုလ်ကို ဒီဇင်ဘာ ၁၄ ရက်နေ့တွင် လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်ခံခဲ့ရကြောင်း သိရသည်။

ကောင်းထက်ငွေ

bbc.com

ရာထူးမှဆိုင်းငံ့ခံထားရသော တောင်ကိုရီးယားသမ္မတယွန်ဆက်ယိုလ်ကို ဖမ်းဆီးရန်ကြိုးပမ်းမှု မအောင်မြင် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.