ရန်ကုန်၊ နိုဝင်ဘာ ၂၈
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေသည့် အမ်း၊ တောင်ကုတ်အပြင် ကျောက်ဖြူမြို့နယ်တို့မှ နေရပ်စွန့်ခွာတိမ်းရှောင်လာသူ ၁၀,၀၀၀ ကျော်ရှိနေပြီး အရေးပေါ်အကူအညီများလိုအပ်နေကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။
အဆိုပါ စစ်ဘေးရှောင်များသည် အကူအညီအထောက်အပံ့ နည်းပါးသည့်အပြင် အလုပ်အကိုင်ရှားပါးခြင်း၊ ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေခြင်းတို့ကြောင့် စစ်ဘေးရှောင်များမှာ အခက်အခဲများစွာကို ရင်ဆိုင်နေကြရကြောင်း စစ်ဘေးရှောင်များအရေး ဆောင်ရွက်ပေးနေသူက ပြောသည်။
“စစ်ရှောင်ဦးရေကလည်း မနည်းဘူး။ စစ်ရှောင်နေရတဲ့ကာလလည်း ကြာလာတော့ စစ်ဘေးရှောင်တွေမှာ တော်တော်ခက်ခဲနေတာ။ ပြီးတော့ ဒီဘက်မှာက ဖုန်းလိုင်းတွေလည်းဖြတ်ထားတော့ ပိုခက်ခဲတယ်။ အဓိကတော့ ဆန်နဲ့ဆေးဝါး အရေးပေါ်လိုအပ်နေပါတယ်။ အခုဒီဘက်မှာက ဆေးရုံလည်းမရှိတော့ ဒေသခံတွေ၊ စစ်ဘေးရှောင်တွေအနေနဲ့ ဆေးကုတဲ့အခါ အခက်အခဲရှိတယ်။ ဆေးဝါးတွေလည်း ပြတ်လပ်နေတယ်။ ရိုးရိုးအဖျားအတွက် သောက်ဆေးကိုတောင် ငွေရှိလျက်နဲ့ ဝယ်လို့မရတဲ့အနေအထားပါ။” ဟု အထက်ပါပုဂ္ဂိုလ်က ဆက်ပြောသည်။
ရမ်းဗြဲမြို့နယ်တွင် တကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် ရခိုင်ဒေသကို ကုန်းလမ်း၊ ရေလမ်းများ ဖြတ်တောက်ထားမှုနောက်ဆက်တွဲအဖြစ် ဆေးဝါးနှင့် ကုန်ပစ္စည်းများပြတ်လပ်မှု၊ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှုများကို ရင်ဆိုင်နေကြရကြောင်း စစ်ဘေးရှောင်များအရေး ဆောင်ရွက်ပေးနေများထံမှ သိရသည်။
စစ်ရေးပဋိပက္ခကြောင့် ရခိုင်ပြည်နယ်တွင် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူဦးရေ ၇ သိန်းနီးပါးအထိရှိနေပြီး အရေးပေါ်အကူအညီလိုအပ်ချက်များ မြင့်မားလျက်ရှိကြောင်း သိရသည်။
#ခန့်ခန့်
Photo – CJ
#ယနေ့ခေတ်
ရမ်းဗြဲမြို့နယ်မှ စစ်ဘေးရှောင် ၁၀,၀၀၀ ကျော် အရေးပေါ်အကူအညီ လိုအပ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်