ရမ်းဗြဲတိုက်ပွဲကြောင့် ဒေသခံထောင်ချီ၍ စစ်ရှောင်နေရကာ နေအိမ်များပျက်စီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ပေါ်၌ တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဒေသခံထောင်ချီ၍ စစ်ရှောင်နေရကာ နေအိမ်များပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ရမ်းဗြဲမြို့ပေါ်၌ ပြီးခဲ့သည့်လမှစ၍ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ဒေသခံငါးထောင်ထက်မနည်းမှာ စစ်ရှောင်နေဆဲဖြစ်ကာ ယခုရက်ပိုင်းတိုက်ပွဲများကြောင့် နေအိမ်များထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“ ပြီးခဲ့တဲ့လကတည်းက တိုက်ပွဲတွေစဖြစ်တာ။ တိုက်ပွဲစဖြစ်ကာစကနေ အခုအထိဆို မြို့ပေါ်ကလူ အကုန်လုံးနီးပါးပဲ စစ်ရှောင်နေရတာ။ မြို့ပေါ်ကနေအိမ်တွေဆိုလည်း ဗုံးထိတာနဲ့ လက်နက်ကြီးထိတာတွေနဲ့ ပျက်စီးကုန်တယ်။ အခုအထိလည်း အပျက်အစီးတွေကို ဘယ်သူမှသွားမရှင်းရဲသေးဘူး။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မြို့ပေါ်တိုက်ပွဲကြောင့် ယခုရက်ပိုင်းအတွင်း ရမ်းဗြဲမြို့ရှိ ရပ်ကွက်ငါးခုထက်မနည်းမှ နေအိမ်အလုံး ၅၀ ထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။

“ ကင်းတဲရပ်ကွက်မှာဆို လေကြောင်းကနေ တိုက်ခံရတာ တခြားရပ်ကွက်တွေထက် အိမ်တွေပိုပြီးပျက်စီးတယ်။ မနေ့ကလည်း မြို့မစျေးနားမှာ တိုက်ပွဲဖြစ်လို့ အိမ်တချို့ပျက်စီးသွားတယ်။” ဟု ဒေသခံတစ်ဦးက ဆက်လက်ပြောကြားသည်။

ရမ်းဗြဲမြို့ပေါ် တိုက်ပွဲများနှင့် ပတ်သတ်၍ လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများက ပြောကြားရာတွင် လက်နက်ကိုင်အဖွဲ့များက မြို့တွင်း၌စခန်းများပြုလုပ်ကာ တိုက်ခိုက်သောကြောင့် လက်နက်ကြီးနှင့် လေကြောင်းပစ်ကူများဖြင့် ပြန်လည်တိုက်ခိုက်လျက်ရှိကြောင်း ပြောကြားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလမှစ၍ ရခိုင်ပြည်နယ်ရှိ ဒေသအချို့တွင် AA လက်နက်ကိုင်အဖွဲ့များနှင့် နစကတပ်များအကြား အပြန်အလှန်တိုက်ပွဲများဖြစ်ပွားလျက်ရှိကာ၊ တိုက်ပွဲများကြောင့် ယနေ့အထိ ဒေသခံသောင်းချီ၍ စစ်ဘေးတိမ်းရှောင်လျက်ရှိပြီး၊ လူနေအိမ်များ၊ စျေးများနှင့် ဘာသာရေးအဆာက်အဦများအပါအဝင် အဆောက်အအုံ ၃၀၀ ထက်မနည်းပျက်စီးကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

#မောင်ဇော်

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

ရမ်းဗြဲတိုက်ပွဲကြောင့် ဒေသခံထောင်ချီ၍ စစ်ရှောင်နေရကာ နေအိမ်များပျက်စီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.