ရန်ကုန်-ဧရာဝတီတိုင်း ကုန်တင်ကားခ နှစ်ဆကျော်မြင့်တက်လာမှုကြောင့် ကုန်သည်များ အခက်တွေ့

ပုသိမ် ၊ မတ်လ ၃

ရန်ကုန်နှင့် ဧရာဝတီတိုင်း ကုန်တင်ကားခများ ယခင်ထက်နှစ်ကျော်မြင့်တက်လာမှုကြောင့် ကုန်သည်များ အခက်အခဲဖြစ်ပွားနေကြောင်း ကုန်သည်များထံမှ သိရသည်။

ယခင်က ရန်ကုန်-ဧရာဝတီတိုင်းလမ်းကြောင်းတွင် တန် ၃၀ ဆံ့ကုန်တင်ကားတစ်စီးကို ငှားရမ်းခ ကျပ်လေးသိန်းဝန်းကျင်သာရှိခဲ့ပြီး ယခုအခါ ငွေကျပ် ၁၃ သိန်းကျော်အထိ ဈေး နှုန်းမြင့်တက်လာကြောင်း သိရသည်။

“ အခုက ကုန်ပစ္စည်းဝယ်ဖို့ထက် ကုန်တင်ကားငှားရမ်းခဖိုးက အရင်ရှားနေရတယ်။ အရင်က ဒါမျိုးတခါမှမကြုံဖူးပါဘူး။ ကုန်ဈေးနှုန်းတွေ ထိုးတက်နေလို့ အရောင်းအဝယ်လုပ်ရ တာ အဆင်မပြေဘူး။ အခုကားခ ထပ်တက်လာတော့ ဒုက္ခအပိုဆောင်းရသလိုဖြစ်သွားတယ်။ ဒီတခေါက်တော့ ကိုယ့်ရှိတဲ့ ပိုက်ဆံရှိသလောက်နဲ့ဝယ်မယ်ဆိုပြီး ဝယ်လာရင် နောက်တခေါက်ကုန်ပြတ်လို့ သွားဝယ်ရင် ကားခကသိန်း ၂၀ ကျော်သွားပြီး။ အရင်က လေးသိန်းကျော်ကျော်လောက်ပဲ ဈေးကရှိတာ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ဒုတိယအပတ်လောက်က စတက်လာတာ။ ဒီအတိုင်ဆို မလွယ်ဘူး။ ကိုယ့်လုပ်စာ ကိုယ်မစားရဘူးဆိုတာ ဒါကိုပြောတာဖြစ်မယ်။” ဟု ဧရာဝတီတိုင်းမှ ကုန်သည်တစ်ဦးက ပြောသည်။

ကုန်တင်ကားငှားရမ်းခဈေး မြင့်တက်လာသည့် အခြေအနေနှင့်ပတ်သက်ပြီး ကုန်တင်ကားအငှားလိုက်သူတစ်ဦးက “ အခုလို ကုန်တင်ကားငှားရမ်းခတွေမြင့်တက်လာတာက အခြားမဟုတ်ဖူး စစ်ဆေးရေးဂိတ်တွေမှာ ကြာမြင့်မှုတွေ၊ ဂိတ်ကြေးပေးဆောင်ရတာတွေ၊ မတည်ငြိမ်တဲ့ စက်သုံးဆီဈေးကြောင့်ပါ။ အလုပ်လုပ်ရတာက တစ်ရက်လေးမှ အဆင်ပြေပါဘူး။ ကျွန်တော်တို့မှာ ပြောပြလို့ရတဲ့ အခက်အခဲတွေရော၊ ပြောပြလို့မရတဲ့ အခက်အခဲတွေရော မနည်းရှိနေတယ်။ အရင်က ဧရာဝတီတိုင်းကနေ ရန်ကုန်ကို အနည်းဆုံး ၃ ခေါက်လောက်သွားလို့ရတယ်။ အခုတော့ တစ်ခေါက်တောင်မနည်း။ အခုလို ဈေးတက်လာတဲ့အသံတွေ ထွက်နေပေမယ့် ကျွန်တော်တို့အတွက် အကျိုးအမြတ်မရှိဘူး။” ဟု ကုန်တင်ယာဉ်အငှားလိုက်သည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ထိုသို့ ကုန်တင်ကား ငှားရမ်းခဈေးများ အရင်ထက်နှစ်ဆကျော်ကျော် မြင့်တက်လာသည့်အပြင် အရင်က ရန်ကုန်-ဧရာဝတီတိုင်း တစ်ရက်ကို အသွားအပြန် အနည်းဆုံး သုံးခေါက်လောက် ကုန်စည်ပို့ဆောင်သယ်ယူရပြီး လမ်းကြောင်းမှာ လုံခြံုစစ်ဆေးရေးအတွက်ဆိုကာ အချိန်ကြာကြာရပ်တန့်စစ်ဆေးခံရမှုများကြောင့် တစ်ရက်တစ်ခေါက်သာ သယ်ယူလို့ ရတော့ကြောင်း သိရသည်။

ထို့အပြင် ယခင်က ရန်ကုန်-ဧရာဝတီတိုင်း ကုန်တင်ကားများသည် ညအချိန်များ မောင်းနင်ရရှိမှုရှိသော်လည်း ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေးအပြောင်းအလဲများနောက်ပိုင်း လုံခြုံ ရေးနှင့် တစ်ခြားအခက်အခဲအမျိုးမျိုးကြောင့် ညအချိန်အငှားမလိုက်ရဲကြကြောင်း သိရသည်။

ခန့်ခန့်

ယနေ့ခေတ်

ရန်ကုန်-ဧရာဝတီတိုင်း ကုန်တင်ကားခ နှစ်ဆကျော်မြင့်တက်လာမှုကြောင့် ကုန်သည်များ အခက်တွေ့ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.