ရန်ကုန်၊ ဩဂုတ် ၃၀
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် ယမန်နေ့က လူနာတင်ယာဉ်တစ်စီး ပစ်ခတ်ခံရ၍ ယာဉ်ပေါ်ပါသူ လူနာအမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ နေ့လည် ၁၂ နာရီခွဲက ဘီးလင်းမြို့နယ်၊ ဝင်းပြန်ကျေးရွာအနီး၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ် ၊ မိုင်တိုင်အမှတ် ၁၁၂/၃ နှင့် ၁၁၂/၄ အကြားတွင် ကျိုက်ထိုမှ မော်လမြိုင် ဘက်သို့ လူနာပို့ဆောင်ရန် မောင်းနှင်လာသည့် တောင်တန်းမေတ္တာလူမှုကူညီရေးအသင်း၏ စူပါကာစတန်အမျိုးအစား လူနာတင်ယာဉ်မှာ ပစ်ခတ်ခံရပြီး ယာဉ်ပေါ်ပါ လူနာအမျိုး သမီးတွင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ စစ်တပ်ကားတွေသွားနေတဲ့ ယာဉ်တန်းနောက်ကနေ လူနာတင်ယာဉ်ကမောင်းလာနေတုန်း စစ်တပ်ကားတွေကို လက်နက်ကိုင်အဖွဲ့က ပစ်ခတ်ရင်း လူနာတင်ယာဉ်ကို ထိသွားတာ။ ယာဉ်လည်း ကျည်ဖောက်ဝင်သလို ယာဉ်ပေါ် ကတစ်ဦးလည်း ဒဏ်ရာရသွားတယ်“ ဟု ဖြစ်စဉ်အားသိရှိသူ ဒေသခံတစ်ဦးက ပြောသည်။
လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများက ယခုဖြစ်စဉ်အပေါ် တယ်လီဂရမ်၌ ရေးသားထားရာတွင် ယမန်နေ့ နေ့လည်က ကျိုက်ထိုမှ ဘီးလင်းသို့ စစ်ဘက်ဆိုင်ရာ မော်တော်ယာဉ် ၉ စီးမှာ ယာဉ်တန်းဖြင့် မောင်းနှင်လာစဉ် ဖြစ်စဉ်ဖြစ်ပွားရာ နေရာအရောက်၌ KNU နှင့် PDF ပူးပေါင်းအဖွဲ့က ၄၀ မမ လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ဘက်ဆိုင်ရာယာဉ် ၂ စီး ပျက်ဆီးပြီး စစ်သား ၂ ဦး ဒဏ်ရာရခဲ့ကြောင်း၊ ၎င်းတို့ယာဉ်တန်းအား လက်နက်ကိုင်အဖွဲ့က ပစ်ခတ်တိုက်ခိုက်စဉ် လူနာတင်ယာဉ်ကိုပါ ထိမှန်ခဲ့ခြင်းဟု ဆိုသည်။
၎င်းတို့ ပြောဆိုမှုနှင့်ပတ်သတ်၍ ယနေ့ခေတ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပေ။
လူနာတင်ယာဉ် ပစ်ခတ်ခံရ၍ ယာဉ်၏အရှေ့ပိုင်းနှင့် အနောက်ပိုင်းတို့တွင် ကျည်ဖောက်ဝင်ခဲ့ပြီး ယာဉ်ပေါ်ပါ လူနာတစ်ဦးဖြစ်သည့် ကျိုက်ထိုမြို့နယ်၌ နေထိုင်သော အသက် ၄၅ နှစ်အရွယ် အမျိုးသမီး၏ ဝဲဘက်ပေါင်နှင့် ယာခြေသလုံးတို့တွင် ကျည်ဖောက်ဝင် ဒဏ်ရာများရရှိခဲ့ပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရသည်။
မောင်ဇော်
Photo – PAN
ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် လူနာတင်ယာဉ်တစ်စီး ပစ်ခတ်ခံရ၍ တစ်ဦးဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်