ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ယာဉ်တိုက်မှုဖြစ် လေးဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၂

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ အိမ်စီးကားနှစ်စီး တိုက်မိရာတွင် အမျိုးသမီးသုံးဦး၊ အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဇန်နဝါရီ ၁၁ ရက်၊ ညနေ ၅ နာရီခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃၃၇/၂ နှင့် ၃၃၇/၃ ကြားတွင် နေပြည်တော်မှ မန္တလေးသို့ မောင်းနှင်လာသည့် Mark II ခဲရောင်ကားက အရှိန်မထိန်းနိုင်ပဲ တစ်ဖက်ယာဉ်ကြောသို့ရောက်ရှိပြီး၊ မန္တလေးမှ နေပြည်တော်သို့ မောင်းနှင်လာသည့် Allison အဖြူရောင်ယာဉ်အား ဝင်တိုက်ခဲ့ခြင်း ကြောင့် Mark II ကားပေါ် ရှိ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး နေရာတွင်သေဆုံးသွားခဲ့ပြီး၊ အမျိုးသမီးနှစ်ဦးမှာ ဆေးရုံတွင်သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ Mark II ကားက အရှိန်မထိန်းနိုင်ပဲ တစ်ဖက်ကလာတဲ့ ကားကိုဝင်တိုက်တာ။ Mark II ကားပေါ်မှာ စုစုပေါင်းခြောက်ယောက်ပါတယ်။ ခြောက်ယောက်မှာ နှစ်နှစ်အရွယ် ကလေး တစ်ယောက်နဲ့ လူကြီးသုံးယောက် ဆုံးသွားတယ်။ ကလေးနဲ့ အမျိုးသမီးတစ်ဦးက ဆေးရုံရောက်မှသေတာ။ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးက နေရာမှာတင်ဆုံးသွားတာပါ။ သူ တို့မိသားစုဝင်တွေနဲ့လည်း အဆက်အသွယ်ရပြီလို့ သိရပါတယ်။ တိုက်ခံလိုက်ရတဲ့ကားပေါ်က သုံးယောက်မှာ နှစ်ယောက်တော့ ဒဏ်ရာရတယ်။” ဟု အမြန်လမ်းမီးသတ်တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

သေဆုံးသူများ၏ ရုပ်အလောင်းများနှင် ဒဏ်ရာရှိသူတို့ကို 192 လူနာတင်ယာဉ်နှင့် တံတားဦး ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၇ ရက်၊ ညနေ၊ ၅ နာရီ မိနစ် ၅၀ ခန့်ကလည်း ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ဆိုင်ကယ်နှင့် အိမ်စီးကားတိုက်မိရာက ဆိုင်ကယ်မောင်းသူ အမျိုးသားနေရာတွင် သေ ဆုံးသွားခဲ့ကြောင်း သိရသည်။

အမြန်လမ်းမကြီး၌ ဇန်နဝါလ ၁၁ ရက်အတွင်း ယာဉ်တိုက်မှုဖြစ်စဉ်များတွင် သေဆုံးသူ ၁၁ ဦးရှိခဲ့ပြီး၊ ဒဏ်ရာရရှိသူ ၁၆ ဦးရှိခဲ့ကြောင်း သိရသည်။

#ချစ်ချစ်ခိုင်

ဓာတ်ပုံ-အမြန်လမ်းမီးသတ်

#ယနေ့ခေတ်

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ ယာဉ်တိုက်မှုဖြစ် လေးဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.