ရန်ကုန်-မန္တလေး အမြန်ရထားတစ်စင်း မိုင်းထိမှန်ကာ တိမ်းမှောက်

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

ရန်ကုန်-မန္တလေးပြေးဆွဲနေသည့် လေအိတ်အမြန်ရထားတစ်စင်းသည် ယနေ့ နံနက်အစောပိုင်းက ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၌ မိုင်းထိမှန်ကာ တိမ်းမှောက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မန္တလေးမြို့မှ ရန်ကုန်မြို့သို့ ခရီးသည်များတင်ဆောင်ကာ ပြေးဆွဲလာသည့် အမှတ် (၆) အစုန် လေအိတ်အမြန်ရထားသည် ယနေ့ နံနက် ၄ နာရီဝန်းကျင်က ကျောက်တံခါးမြို့နယ်၊ သူဌေးကုန်းနှင့် ပိန်းဇလုပ်ဘူတာကြားတွင် မိုင်းထိမှန်ကာ တိမ်းမှောက်ခဲ့ခြင်းဟု သိရသည်။

“ မိုင်းထိမှန်ပြီး စက်ခေါင်းတွဲနဲ့ရထားတွဲ လမ်းချော်ပြီးမှောက်သွားတာ။ ဇလီဖားတုံးတွေလည်း ပျက်စီးသွားတယ်။ လူထိခိုက်မှုတော့ မရှိဘူး။” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

ရထားတိမ်းမှောက်မှုကြောင့် ခရီးသည်များအားလုံး ယနေ့နံနက်ပိုင်းအထိ သွားလာ၍မရပဲ အဆိုပါနေရာမှာပင် စောင့်ဆိုင်းနေရကြောင်း သိရသည်။ ထို့အပြင် အဆိုပါရထားလမ်း ပိုင်းအား ပြန်လည်ပြုပြင်နေ၍ ရန်ကုန်-မန္တလေးရထားပြေးဆွဲမှုကို ခေတ္တရပ်နားထားပြီး ယနေ့ခရီးစဉ်အတွက် လက်မှတ်ဝယ်ယူထားသူများကို သက်ဆိုင်ရာဘူတာများတွင် ငွေပြန် အမ်းပေးနေကြောင်း မြန်မာ့မီးရထားမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၄ ရက်၊ ညပိုင်းကလည်း အဆိုပါ ရန်ကုန်-မန္တလေး ရထားလမ်းပေါ် ကျောက်တံခါးမြို့နယ်၊ သူဌေးကုန်းဘူတာနှင့် ပိန်းဇလုပ်ဘူတာအကြား၊ မိုင်တိုင်အ မှတ် (၁၀၄/၀-၁)ကြား၊ တံတားအမှတ် (၁၄၆နှင့် ၁၄၇) အနီး၌ ရထားပြေးဆွဲနေသော အဆန်ရထားလမ်းနှင့် ပြန်လည်အဆင့်မြှင့်တင် တည်ဆောက်နေသော အစုန်လမ်းတို့တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွား၍ ရထားခရီးစဉ်များအား ခေတ္တရပ်နားခဲ့ရသည်။

ထို့အပြင် ပြီးခဲ့သည့် ဩဂုတ် ၁၈ ရက်ကလည်း ဖြူးမြို့နယ်နှင့် ကညွတ်ကွင်းမြို့နယ်အကြားရှိ ရန်ကုန်-မန္တလေး မီးရထားလမ်းပေါ်တွင် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင် လာသည့် ကုန်တင်ရထားတစ်စင်း မိုင်းဆွဲတိုက်ခိုက်ခံရကာ ရထားတွဲအချို့ တိမ်းမှောက်၍ သံလမ်းပျက်စီးမှု ဖြစ်ပေါ်ခဲ့သည်။

ယခုနှစ်အတွင်း ပဲခူးတိုင်း၌ ရထားလမ်းများပေါ်တွင် မိုင်းပေါက်ကွဲမှု ၁၅ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး၊ ယခုလပိုင်းများအတွင်းတွင် မိုင်းပေါက်ကွဲ၍ ရထားသံလမ်းများပျက်စီးမှု မကြာခဏဖြစ်နေ၍ လမ်းခရီးနှောင့်နှေးမှုကိုကြုံတွေ့ရကြောင်း ဒေသခံများက ပြောသည်။

#မောင်ဇော်

ဓါတ်ပုံ – စီဂျေ

#ယနေ့ခေတ်

ရန်ကုန်-မန္တလေး အမြန်ရထားတစ်စင်း မိုင်းထိမှန်ကာ တိမ်းမှောက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.