ရန်ကုန် – မန္တလေး ရထားလမ်းပိုင်းတွင် မိုင်းကွဲ၍ ခရီးစဉ်အချို့ ခေတ္တရပ်နား

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် ယမန်နေ့ကမိုင်းကွဲ၍ ကုန်ရထားတစ်စင်းလမ်းချော်ခဲ့ပြီး ခရီးစဉ်အချို့အား ခေတ္တရပ်နားခဲ့ရကြောင်း မြန်မာ့မီးရထား၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယမန်နေ့ နံနက် ၇ နာရီက ကျောက်တံခါးမြို့နယ်၊ ပိန်းဇလုပ်ဘူတာနှင့် ကျောက်တံခါးဘူတာအကြား၌ ကုန်ရထားတစ်စင်း မောင်းနှင်လာစဉ် မိုင်းပေါက်ကွဲခဲ့ရာ စက်ခေါင်းနှင့် တွဲသုံးတွဲတို့ လမ်းချော်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့ ကုန်ရထားတစ်စင်း လမ်းချော်မှုကြောင့် ရန်ကုန်မှ မန္တလေးသို့ မောင်းနှင်လာသည့် အမှတ် ၁၁ အဆန် လူစီးရထားမှာ ညောင်လေးပင်ဘူတာ၌လည်းကောင်း၊ မန္တလေးမှ ရန်ကုန်သို့ မောင်းနှင်လာသည့် အမှတ် ၁၂ အစုန်ရထားသည် တောင်ငူဘူတာ၌လည်းကောင်း ခေတ္တရပ်နားခဲ့ကာ ခရီးသည် ၅၀၀ ဦးခန့်ကို မော်တော်ယာဉ်များဖြင့် သက်ဆိုင်ရာဘူတာများသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

“ မန္တလေးသွားမယ့်ခရီးသည် ၂၀၈ ဦးကို ညောင်လေးပင်ဘူတာကနေ တောင်ငူဘူတာကို ကား ခုနစ်စီးနဲ့ ပို့ဆောင်ပေးပြီး၊ မန္တလေးဘက်ကလာတဲ့ရထားနဲ့ မန္တလေးမြို့ကို ပို့ဆောင်ပေးခဲ့ပါတယ်။ အဲ့ဒီလိုပဲ ရန်ကုန်သွားမယ့်ခရီးသည် ၂၅၂ ဦးကို ကား ရှစ်စီးနဲ့ ညောင်လေးပင်ဘူတာကို ပို့ဆောင်ပေးပြီး ရန်ကုန်ဘက်ကလာတဲ့ ရထားနဲ့ ရန်ကုန်မြို့ကို ပို့ဆောင်ပေးခဲ့ပါ တယ်။” ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရထားသံလမ်းမိုင်းကွဲရာ နေရာအနီးတွင် နယ်မြေရှင်းလင်းခြင်း လုပ်ဆောင်လျက်ရှိကာ လမ်းပိုင်းအားအမြန်ဆုံးဖွင့်လှစ်နိုင်ရန် ပြန်လည်ပြုပြင်နေကြောင်း ထုတ်ပြန်ချက်အရ သိရ သည်။

အဆိုပါ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ ရန်ကုန်- မန္တလေး ရထားလမ်းပိုင်းတွင် မိုင်းပေါက်ကွဲမှု မကြာခဏဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများက ပြောကြားသည်။

မိုင်းကွဲ၍ ရထားသံလမ်းပျက်စီးမှုကြောင့် ရထားခရီးစဉ်များ နှောင့်နှေးမှုဖြစ်ကာ သွားလာရခက်ခဲမှုများကို ကြုံတွေ့ရကြောင်း ရထားစီးနင်းသည့်ခရီးသည်များက ဆိုသည်။

#မောင်ဇော်

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

ရန်ကုန် – မန္တလေး ရထားလမ်းပိုင်းတွင် မိုင်းကွဲ၍ ခရီးစဉ်အချို့ ခေတ္တရပ်နား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.