ရန်ကုန်၊ အောက်တိုဘာ ၂၆
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ ရန်ကုန်-မန္တလေးရထားလမ်းပိုင်းရှိ သံလမ်းအချို့ မိုင်းခွဲဖျက်ဆီးခံရ၍ ပြေးဆွဲနေသော ရထားခရီးစဉ်အချို့အား ခေတ္တရပ်နားခဲ့ရကြောင်း မြန််မာ့မီးရထား၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အောက်တိုဘာ ၂၄ ရက်၊ ည ၁၂ နာရီဝန်းကျင်က ကျောက်တံခါးမြို့နယ်၊ သူဌေးကုန်းဘူတာနှင့် ပိန်းဇလုပ်ဘူတာအကြား၊ မိုင်တိုင်အမှတ် (၁၀၄/၀-၁)ကြား တံတားအမှတ် (၁၄၆ နှင့် ၁၄၇) အနီး၌ ရထားပြေးဆွဲနေသော အဆန်ရထားလမ်းနှင့် ပြန်လည်အဆင့်မြှင့်တင် တည်ဆောက်နေသော အစုန်လမ်းတို့ မိုင်းခွဲဖျက်ဆီးခံရခြင်းဟု သိရသည်။
“ သံလမ်းသစ်တွေ တစ်ပေခွဲစီခန့် ကွေးကောက်သွားပြီး ကွန်ကရစ်ဇလီဖားတုံးတွေလည်း ပျက်စီးသွားပါတယ်။ ရထားခရီးစဉ်နှစ်ခုနဲ့ ကုန်ရထားတွေလည်း ခေတ္တရပ်နားလိုက်ရ တယ်။ မနက်ပိုင်း သံလမ်းတွေပြင်ပြီးမှ ရထားတွေပြန်ပြေးဆွဲရတယ်။ အဲ့ဒီနေရာက ခဏခဏ မိုင်းခွဲခံရတဲ့နေရာ” ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရထားသံလမ်းများ ပျက်စီးမှုကြောင့် မန္တလေးမှရန်ကုန်သို့ ပုံမှန်ထွက်ခွာလာသည့် အမှတ် ၆ အစုန်အမြန်ရထားသည် ယမန်နေ့ နံနက် ၃ နာရီက ပဲနွယ်ကုန်းဘူတာတွင်လည်းကောင်း၊ အမှတ် ၄ အစုန်ရထားသည် နံနက် ၄ နာရီခွဲတွင် ကညွတ်ကွင်းဘူတာတွင်လည်းကောင်း၊ ရွာသာကြီး-မြစ်ငယ်ပြေးဆွဲနေသော ကုန်သေတ္တာရထားနှစ်စင်းသည် ပြွန်တန်ဆာဘူတာ နှင့် အိမ်ခြေလေးဆယ်ဘူတာတို့၌လည်းကောင်း ခေတ္တရပ်နားခဲ့ရကြောင်း သိရသည်။
ထို့သို့ ရထားခရီးစဉ်များ ခေတ္တရပ်နားခဲ့ရ၍ ခရီးသည် ၁၂၀၀ ကျော်နှင့် ကုန်ရထားခရီးစဉ်များ လမ်းခရီးကြန့်ကြာမှု အခက်အခဲကြုံတွေ့ခဲ့ရပြီး ယမန်နေ့ နံနက် ၈ နာရီခွဲတွင် သံ လမ်းများ ပြင်ဆင်ပြီးစီးခဲ့၍ ရပ်နားထားရာ ဘူတာအသီးသီးမှ ပြန်လည်ထွက်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၁၇ ရက်၊ နံနက်အစောပိုင်းကလည်း ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်ဘူတာနှင့် တော်ဝိဘူတာအကြား မိုင်တိုင်အမှတ် ၉၈/ ၄-၅ ကြားရှိ တံတားအမှတ် ၁၃၆ အနီး၌ အစုန်နှင့် အဆန် ရထားလမ်းနှစ်ခုစလုံးအား မိုင်းထောင်ဖောက်ခွဲခံရ၍ မန္တလေးမှ ရန်ကုန်သို့ ခရီးသည်တင်ဆောင်ကာ ပြေးဆွဲလာသော ရထားအချို့ နီးစပ်ရာဘူတာ များတွင် နာရီနှင့်ချီ၍ ခေတ္တရပ်နားခဲ့ရသည်။
အလားတူ အောက်တိုဘာ ၄ ရက်က ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ တောကျွဲအင်းနှင့် ကညွတ်ကွင်းဘူတာအကြား မိုင်တိုင်အမှတ် ၁၂၀/ ၇-၈ ရှိ တံတားအမှတ် ၁၇၉ အနီးတွင် ဝါယာကြိုး များနှင့် သွယ်တန်းထားသည့် မိုင်းဟုယူဆရသော ဆာလာအိတ်နှင့်ထည့်ထားသည့် ကော်ပုံးနှစ်ပုံးအားတွေ့ရှိခဲ့၍ ကုန်ရထားခရီးစဉ်အချို့အား ခေတ္တရပ်ဆိုင်းခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့် ဩဂုတ် ၁၈ ရက်ကလည်း ဖြူးမြို့နယ်နှင့် ကညွတ်ကွင်းမြို့နယ်အကြားရှိ ရန်ကုန်-မန္တလေး မီးရထားလမ်းပေါ်တွင် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာ သည့် ကုန်တင်ရထားတစ်စင်း မိုင်းဆွဲတိုက်ခိုက်ခံရကာ ရထားတွဲအချို့ တိမ်းမှောက်၍ သံလမ်းပျက်စီးမှု ဖြစ်ပေါ်ခဲ့သည်။
ယခုနှစ်အတွင်း ပဲခူးတိုင်း၌ ရထားလမ်းများဖျက်စီးခံရမှု ၁၀ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး ယခုလပိုင်းများအတွင်းတွင် ရထားသံလမ်းများ ဖျက်ဆီးခံရမှု မကြာခဏဖြစ်နေ၍ လမ်းခရီးနှောင့်နှေးမှုအား ကြုံတွေ့ခဲ့ရကြောင်း ဒေသခံများက ပြောသည်။
မောင်ဇော်
ဓာတ်ပုံ – မြန်မာ့မီးရထား
ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း၌ သံလမ်းအချို့ မိုင်းခွဲဖျက်ဆီးခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်