ရန်ကုန်၊ အောက်တိုဘာ ၁၉
ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်သည့် Moken Capital ကုမ္ပဏီလက်အောက်ရှိ အပျော်စီးဇိမ်ခံသင်္ဘော Moken Cruise သည် ရန်ကုန်-ချောင်းသာခရီးစဥ်ကို ပထမဆုံး ပြေးဆွဲပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်-ချောင်းသာသို့သွားမည့် အပျော်စီးဇိမ်ခံသင်္ဘာ၏ ပထမဆုံးခရီးစဉ်အတွက် လက်ရှိတွင်ဘိုကင်ပြည့်သွားပြီဖြစ်ကြောင်း Moken Capital ကုမ္ပဏီမှ စုံစမ်းသိရှိရသည်။
“ ရန်ကုန်ကနေ ၂၂ ရက်နေ့ထွက်မယ်။ ၂၄ ရက်နေ့ချောင်းသာကိုရောက်မယ်။ အခုကတော့လက်မှတ်ကပြည့်သွားပြီ။ ဒီသင်္ဘောက ရန်ကုန်ကိုပြန်လာဖို့မရှိပါဘူး။ ချောင်းသာကို အခြေပြုပြီး တခြားခရီးစဉ်တွေကို ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။” ဟု အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ရန်ကုန်-ချောင်းသာ ခရီးစဉ်ကို ၂ ညအိပ် ၃ ရက်ပြေးဆွဲပေးမည်ဖြစ်ပြီး ယင်းအတွက် လက်မှတ်ခနှုန်းထားမှာ Suite Cabin with Private Bathroom နှစ်ယောက်အိပ်ခန်း တည်းခိုမည်ဆိုပါက ကျပ် ၁၅ သိန်းကျသင့်မည်ဖြစ်ပြီး သုံးယောက်အိပ်ခန်း တည်းခိုမည်ဆိုပါက ကျပ် ၁၄ သိန်းကျသင့်မည်ဖြစ်ကြောင်း သိရသည်။
ထိုအပျော်စီးဇိမ်ခံသင်္ဘာပေါ်၌ အိမ်ခန်း ၅ ခန်းပါဝင်ပြီး အောက်တိုဘာ ၂၂ ရက်တွင် ရန်ကုန်မှ စတင်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
ယင်းခရီးစဉ်အတွင်း တွံတေးမြိုနှင့် တွံတေးတူးမြောင်းရှိ သဘာဝရှုခင်းများကြည့်ရှုနိုင်ခြင်း၊ ဧရာဝတီ၏ (Delta Region) သဘာဝအလှတရားများနှင့် နေဝင်ချိန်ကို cruise ပေါ်မှ ခံစားကြည်ရှုခြင်း၊ မော်တင်စွန်းတန်ခိုးကြီးဘုရားအား သွားရောက်ဖူးမြော်ခြင်း၊ ဟိုင်းကြီးကျွန်းသို့ သွားရောက်လည်ပတ်ခြင်း၊ ဂေါ်ရင်ဂျီကမ်းခြေမှ လှပသောကျောက်ဆောင် ရှူခင်းများကိုကြည့်ရှုခြင်းနှင့် ချောင်းသာကမ်းခြေတွင် လည်ပတ်ခြင်းတို့ပါဝင်ကြောင်း သိရသည်။
သို့သော် ယင်းခရီးစဉ်နှင့်ပတ်သက်၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန(ချောင်းသာ)သို့ အသိပေးထားခြင်းမရှိကြောင်း တာဝန်ရှိသူက ပြောသည်။
“ အဲဒီခရီးစဉ်ဆွဲမယ်လို့တော့ ဖတ်မိတယ်။ ဒါပေမယ့် ဒီကိုတော့ အကြောင်းကြားထားတာမရှိသေးဘူး။” ဟု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန(ချောင်းသာ)မှ ဒုဦးစီးမှူး ဦးနိုင်အောင်က ပြောသည်။
စုစု
ဓာတ်ပုံ – Moken Capital
ရန်ကုန်-ချောင်းသာခရီးစဥ် ပထမဆုံးပြေးဆွဲမည့် အပျော်စီးဇိမ်ခံသင်္ဘော ဘိုကင်ပြည့်သွားပြီ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်