ရန်ကုန်၊ စက်တင်ဘာ ၂၃
ရန်ကုန်တိုင်းအတွင်း ယခုညပိုင်းက အင်အား ရစ်(ခ်)တာစကေး ၅ ဒသမ ၁ အဆင့်ဖြင့် ငလျင်လှုပ်ခတ်ခဲ့ရာ ပြည်သူအများ သိသိသာသာခံစားခဲ့ရကြောင်း သိရသည်။
ယနေ့ စက်တင်ဘာ ၂၃ ရက်၊ ည ၈ နာရီ ၅၅ မိနစ်ဝန်းကျင်က ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များ၌ ငလျင်လှုပ်ခတ်ခဲ့ပြီး အထပ်မြင့်တိုက်များ၌ နေထိုင်သူများမှာ ပိုမိုသိသာစွာ ခံစား ခဲ့ရကြောင်း တိုက်ခန်းနေပြည်သူများထံမှ သိရသည်။
“ တော်တော်ကြမ်းတယ် လှုပ်သွားတာ။ ရမ်းခါနေတာပဲ။ ကြာလည်းကြာတယ်။ နေရာတော်တော်များများမှာ လှုပ်တယ်လို့ပြောကြတယ်။” ဟု တောင်ဥက္ကလာပမြို့နယ်၌ နေထိုင်သူ တစ်ဦးက ပြောသည်။
အလားတူ သင်္ဃန်းကျွန်းမြို့နယ်၌ နေထိုင်သူတစ်ဦးကလည်း “ အမတို့အိမ်မှာက အထည်တွေရှိတယ်။ စင်ပေါ်မှာထားတာလေ။ Live sale ရောင်းတော့ အစကပြုတ်မကျသေးဘူး။ တဖြေးဖြေးနဲ့ ကြမ်းလာတော့ အကုန်ပြုတ်ကျတာ။ အထည်တွေဆို ပွကုန်ရော။” ဟုဆိုသည်။
အဆိုပါငလျင်လှုပ်ခတ်မှုသည် နှစ်ကြိမ်မြောက်ဖြစ်ကာ အနည်းငယ်ပြင်းအားရှိသည့် ငလျင်လှုပ်ခတ်မှုဖြစ်ပြီး ရန်ကုန်သို့တိုက်ရိုက်သက်ရောက်ကြောင်း၊ အင်အား ၆ အဆင့်နှင့် အထက် လှုပ်ခတ်လာပါက အန္တရာယ်ရှိနိုင်ကြောင်း မိုးလေဝသ လေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။
ယခုလှုပ်ခတ်ခဲ့သည် မြေငလျင်သည် ကမ္ဘာအေးမြေငလျင်စခန်း၏ အရှေ့ မြောက်ဘက်မှ ၂၇ မိုင်ခန့်ကွာဝေးသည့် မြန်မာနိုင်ငံပြည်တွင်း (ပဲခူးမြို့၏ အနောက်တောင်ဘက် (၁၂) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် ၁၇ ဒသမ ၂၃ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၃၂ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၅ ဒသမ ၁ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခုဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းမတိုင်ခင် ယနေ့ ညနေ ၅ နာရီ ၃၃ မိနစ်ဝန်းကျင်က ကမ္ဘာအေးမြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက် ၆၇ မိုင်ခန့်ကွာဝေးသည့် မြန်မာနိုင်ငံ ပြည်တွင်း (ဒိုက်ဦးမြို့၏ အနောက်ဘက် ၂၁ မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် ၁၇ ဒသမ ၈၁ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၃၄ ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကိုဗဟိုပြု၍ အင်အား ရစ်(ခ်)တာ စကေး ၃ ဒသမ ၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။
ဂျူဂျူး
ဓာတ်ပုံ – မိုး/ဇလ
ပုံစာ – ယနေ့ည ငလျင်လှုပ်ချိန် တိုက်ခန်းနေသူများ စိုးရိမ်၍ လမ်းပေါ်ထွက် လာစဥ်
ရန်ကုန်၌ အင်အား ၅ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ခတ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်