ရန်ကုန်၊ အောက်တိုဘာ ၂၇
ရန်ကုန်မြို့အပါအဝင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အားလုံးတွင် ယနေ့ညမှစ၍ ညမထွက်ရအမိန့်အား အချိန်လျော့သတ်မှတ်လိုက်ကြောင်း အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူ များထံမှ သိရသည်။
ယခင်က ရန်ကုန်မြို့တွင် ညမထွက်ရအမိန့်အား ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ သတ်မှတ်ထားရာမှ ယနေ့ည (အောက်တိုဘာ ၂၇ ရက်)မှ စ၍ နံနက် ၁ နာရီမှ နံနက် ၃ နာရီ အတွင်းသာ ညမထွက်ရဟု ပြင်ဆင်မှတ်သတ်လိုက်ကြောင်း သိရသည်။
“ ဒီနေ့ညက စမှာပါ။ ဘယ်နေ့အထိဆိုတာတော့ မသိရသေးဘူး။ လောလောဆယ်တော့ နောက်ထပ်ကြေညာချက် ထပ်ပြီးမထုတ်မချင်း နံနက် ၁ နာရီကနေ နံနက် ၃ နာရီအထိ သာ ညမထွက်ရအမိန့်ရှိတော့မယ်။” ဟု ရန်ကုန်မြို့ရှိ မြို့နယ်တစ်ခုမှ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
အောက်တိုဘာ ၂၈ ရက်မှ အောက်တိုဘာ ၃၀ ရက်နေ့အတွင်း ရန်ကုန်တိုင်းအစိုးရမှ ဦးဆောင်ကျင်းပမည့် ပြည်သူ့ရင်ပြင်တွင် သီတင်းကျွတ်ပွဲတော်အပါအဝင် ဆင်ခြေဖုံး မြို့နယ်အများစု၌ သီတင်းကျွတ်ပွဲတော်အထိမ်းအမှတ်အဖြစ် ဘုရားပွဲများနှင့် စျေးရောင်းပွဲများ ကျင်းပမည်ဖြစ်၍ ထိုပွဲတော်များ လူစည်ကားစေရန် ယခုလို ညမထွက်ရ အမိန့်အား လျော့ပေါ့သတ်မှတ်ခြင်းဖြစ်နိုင်ကြောင်း ရန်ကုန်မြို့ခံများအကြား ပြောဆိုမှုများ ရှိသည်။
အလားတူ နေပြည်တော်၊ မန္တလေး၊ မကွေးနှင့် ဧရာဝတီတိုင်းတို့အတွင်းရှိ မြို့နယ်အချို့တွင်လည်း ညမထွက်ရအမိန့်အား ယခုလို လျော့ပေါ့သတ်မှတ်ခြင်းမျိုးများရှိကြောင်း အဆိုပါဒေသများရှိ အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများက ပြောကြားသည်။
ထို့ပြင် ယမန်နှစ် ဒီဇင်ဘာ ၃၁ ရက်၊ ညကလည်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့၌ နှစ်သစ်ကူးပွဲတော်အခမ်းအနားများ ကျင်းပရန်ဆိုကာ ထိုညတွင် ညမထွက်ရအမိန့်အား ပယ်ဖျက်ကြောင်း သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရများက ကြေညာမှုများရှိခဲ့သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းမှစ၍ နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာပြီးနောက် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်အပါအဝင် ဒေသအများအပြားတွင် ညမထွက်ရအမိန့်များအား အချိန်အမျိုးမျိုးသတ်မှတ်၍ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားသည့် ဒေသများတွင် ညနေ ၆ နာရီ၊ ည ၇ နာရီ၊ ည ၈ နာရီတို့မှစ၍ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်များအား ထုတ်ပြန်ထားကြောင်း သိရ သည်။
သတင်း၊ ဓာတ်ပုံ – မောင်ဇော်
ပုံစာ- ရန်ကုန်မြို့ တစ်နေရာအားညပိုင်းတွေ့ရစဉ်။
ရန်ကုန်၌ ယနေ့ညမှစ၍ ညမထွက်ရအမိန့်အား အချိန်လျော့သတ်မှတ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်