ရန်ကုန်၌ ယခုရက်ပိုင်းတွင် အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်

ရန်ကုန်၊ ဒီဇင်ဘာ ၇

ယခုရက်ပိုင်းတွင် ရန်ကုန်မြို့၌ အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်လျက်ရှိ၍ လူမှုဒုက္ခများအား ကြုံတွေ့ရကြောင်း ရန်ကုန်မြို့၌ နေထိုင်သူများက ပြောကြားသည်။

ယခုလအစပိုင်းမှစ၍ ရန်ကုန်မြို့ရှိ မြို့နယ်အများစုတွင် ယခင်လများကထက် လျှပ်စစ်မီးပြတ်တောက်ချိန် ပိုမိုကြာမြင့်လာပြီး ယခုရက်ပိုင်းတွင် တစ်ရက်လျှင် အနည်းဆုံး ၈ နာရီထက်မနည်း လျှပ်စစ်မီးပြတ်တောက်လျက်ရှိကြောင်း သိရသည်။

“ ပြီးခဲ့တဲ့လတွေက တစ်နေ့ကိုလေးနာရီ မီးပြတ်တယ်။ မနက် ၉ နာရီကနေ နေ့ လယ် ၁ နာရီ ပြတ်ရင်ပြတ်၊ ဒါမှမဟုတ်ရင် နေ့လယ် ၁ နာရီကနေ ညနေ ၅ နာ ရီအထိ မီးပြတ်တယ်။ အခုရက်ပိုင်း အချိန်ထပ်တိုးသွားတယ်။ မနက် ၅ နာရီကနေ ၉ နာရီအထိပါ ဖြတ်တာ။ မီးဖြတ်ချိန်က တစ်နေ့ကို ၈ နာရီဖြစ်သွားတယ်။ မနက်အစောပိုင်းအချိန်နဲ့ ညပိုင်းအချိန်တွေ မီးပြတ်တာကတော့ အဆင်မပြေဘူး။” ဟု ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်တွင်နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် ယခုရက်ပိုင်းအတွင်း မြို့နယ်အများစု၌ မီးလာရန်သတ်မှတ်ထားချိန်များတွင်ပါ လျှပ်စစ်မီးပြတ်တောက်လေ့ရှိနေကြောင်း သိရသည်။

“ ဒီရက်ထဲ မီးက နေ့တွေ၊ ညတွေမခွဲဘူး ပြတ်နေတာ။ တချို့နေ့တွေဆို လာချိန်နာရီဝက်လောက်ပဲရှိတယ်။ တစ်နေကုန်ကို ပြတ်သွားရော။ ထမင်း၊ ဟင်းချက်ဖို့ တောင် တော်တော် အဆင်မပြေဘူး။” ဟု တာမွေမြို့နယ်၌နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် ရန်ကုန်မြို့၊ ဆင်ခြေဖုံးမြို့နယ်များ၌ နံနက်ပိုင်း၊ နေ့လယ်ပိုင်းနှင့် ညနေပိုင်းအချိန်များတွင်သာမက ညပိုင်းအချိန်များတွင်ပါ မီးပြတ်တောက်လျက်ရှိနေကြောင်း သိရသည်။

“ တချို့နေ့တွေဆို တစ်နေကုန်ပြတ်တာရှိတယ်။ ဟိုနေ့ကဆို ည ၇ နာရီထဲက မီးပြတ်တာ၊ ည ၁၂ နာရီကျော်တဲ့အထိ မီးပြန်မလာဘူး။” ဟု သာကေတမြို့နယ်တွင် နေထိုင်သူတစ်ဦး က ပြောသည်။

ထိုသို့ လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်မှုကြောင့် ရုံးဝန်ထမ်းများ၊ တနိုင်တပိုင် စီးပွါးရေးလုပ်ငန်း လုပ်ကိုင်သူများနှင့် အိမ်ထောင်စုအများစုမှာ လူမှုဒုက္ခအမျိုးမျိုးအား ရင်ဆိုင်နေရကြောင်း သိရသည်။

“ ဒီရက်ထဲ မနက်ပိုင်းမီးပြတ်တာက တော်တော်အဆင်မပြေဘူး။ ထမင်း၊ ဟင်းချက်မရတော့ ရုံးအတွက်လည်း ထမင်းချိုင့်ထည့်မရဘူး။ အပြင်မှာ ဝယ်စားရတော့ ပိုကုန်တယ်။ မီးပြတ်တော့ ကုန်ကျစရိတ်တွေ ပိုများလာတာပေါ့။” ဟု လသာမြို့နယ်၌နေထိုင်သူ ပုဂ္ဂလိကကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောသည်။

သင်္ဃန်းကျွန်းမြို့နယ်၌ ကုန်စုံဆိုင်ဖွင့်လှစ်ထားသူတစ်ဦးက “ တစ်နေ့ကို မီး ၈ နာရီလောက်ပြတ်နေတော့ အအေးနဲ့ထည့်ရတဲ့ ပစ္စည်းတွေကို ရောင်းရတာ ခက်ကုန်ရော။ မီးမောင်း ပြီးထားဖို့ကျ ကုန်ကျစရိတ်နဲ့ အပြင်မှာ စက်သုံးဆီ ဝယ်မရတာနဲ့ ဆိုတော့လည်း မကိုက်ဘူး။” ဟု ပြောသည်။

ရန်ကုန်မြို့၌ ယခုရက်ပိုင်း လျှပ်စစ်မီးပြတ်တောက်မှုနှင့် ပတ်သတ်၍ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)က သတင်းထုတ်ပြန်ထားရာတွင် 230 kV ရွှေလီ-မန်စံ ဓာတ်အားလိုင်းသည် နိုဝင်ဘာ ၃၀ ရက်နေ့က လိုင်းအပြစ်ဖြစ်ကာ ချို့ယွင်းသွား၍ ဓာတ်အားစနစ်အတွင်း ဓာတ်အားပို့လွှတ်နိုင်မှု 300 MW ခန့်လျော့နည်းနေသဖြင့် ယာယီ ဓာတ်အားပြတ်တောက်ခြင်းဟု ထုတ်ပြန်ထားသည်။

ယခု ဒီဇင်ဘာလအတွင်း၌ပင် ရန်ကုန်မြို့၌ တစ်နေ့လျှင် ၈ နာရီထက်မနည်း လျှပ်စစ်မီးပြတ်တောက်လျက်ရှိနေ၍ လာမည့်နွေရာသီတွင် ယခုထက်ပိုမို၍ အချိန်ကြာမြင့်စွာ မီးပြတ် တောက်မည်ကို စိုးရိမ်လျက်ရှိကြောင်း ရန်ကုန်မြို့၌ နေထိုင်သူများက ပြောသည်။

သတင်း၊ ဓာတ်ပုံ – #မောင်ဇော်

#ယနေ့ခေတ်

ရန်ကုန်၌ ယခုရက်ပိုင်းတွင် အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.