ရန်ကုန်၌ တစ်ရက်တည်း အငှားယာဉ်လုယက်ခံရမှု ၂ ကြိမ်ဖြစ်ပွား

ရန်ကုန်၊ ဩဂုတ် ၉

ရန်ကုန်မြို့၌ တစ်ရက်တည်းအငှားယာဉ်လုယက်ခံရမှု ၂ ကြိမ်ဖြစ်ပွားကာ လုယက်သူများအား ဖမ်းမမိသေးကြောင်း ဒေသခံများထံမှ သိရသည်။

ဩဂုတ် ၈ ရက်၊ ယမန်နေ့ ညနေ ၄ နာရီခွဲခန့်က အငှားယာဉ်တစ်စီးအား အမျိုးသားနှစ်ဦးက မြောက်ဥက္ကလာပမြို့ နယ်၊ ၆ ကွေ့အနီးမှ အင်းစိန်မြို့နယ်၊ အရှေ့ကြို့ကုန်းသို့ ငှားရမ်းစီး နင်းလာခဲ့ပြီး အရှေ့ကြို့ကုန်းအရောက်၌ ယာဉ်မောင်းအား ဓါးထောက်ကာ ယာဉ်လုယက်သွားကြောင်း သိရသည်။

“ ဟိုလည်းရောက်ရော လမ်းကြားထဲဝင်ခိုင်းပြီး ဖုန်းဆက်ပေးပါ ပြောတယ်။ ပြီးတော့ ဓါးနဲ့ထောက်ပြီး ပါတဲ့ပစ္စည်းထုတ်ခိုင်းတယ်။ ဖုန်းနဲ့ ပိုက်ဆံအိတ်ကိုပေးလိုက်တော့ အဲ့တာ တွေနဲ့အတူ ကားကိုပါလုသွားတာ“ ဟု ယာဉ်ပိုင်ရှင်၏ မိသားစုဝင်တစ်ဦးက ပြောသည်။

လုယက်ခံရသည့်ယာဉ်မှာ တိုယိုတာ ကော်ရိုလာအမျိုးအစား အငှါးယာဉ်ဖြစ်ပြီး ယာဉ်နှင့်အတူ ဖုန်းနှင့် ငွေသားများ လုယက်ခံခဲ့ရသော်လည်း ယာဉ်မောင်းမှာ ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း သိရသည်။

ယာဉ်ပျောက်မှုနှင့် ပတ်သတ်၍ အင်းစိန်မြို့နယ်ရဲစခန်းတွင် အမှုဖွင့်ထားပြီး ယနေ့နံနက်ပိုင်းအထိ လုယက်သူများအား ဖမ်းမမိသေးကြောင်း ယာဉ်ပိုင်ရှင်၏ မိသားစုဝင်တစ်ဦးက ပြောသည်။

အလားတူ ဩဂုတ် ၈ ရက်၊ နေ့လည် ၃ နာရီကလည်း သာကတေမြို့နယ်၊ ၇ စျေးလမ်းမကြီး၊ ရွှေစာရံဘုန်းကြီးကျောင်းအနီး၌ အသက် ၆၀ ကျော်အရွယ် ယာဉ်မောင်းတစ်ဦး မောင်း နှင်လာသည့် အငှားယာဉ်ကို လူတစ်စုကငှားစီးကာ ယာဉ်မောင်းအား ဓါးဖြင့်တိုက်ခိုက်ပြီး ယာဉ်နှင့်အတူ ငွေသားများလုယက်သွားကြောင်း သိရသည်။

“ ကားဌားစီးလာတဲ့လူတွေက လုတာလို့သိရတယ်။ ဒဏ်ရာတွေက ပြတ်ရှဒဏ်ရာတွေရတာ“ ဟု ဒဏ်ရာရသူအား ဆေးရုံသို့ကူညီပို့ဆောင်ပေးခဲ့သူတစ်ဦးက ပြောသည်။

လုယက်ခံရသည့်ယာဉ်မှာ ဟွန်ဒါအမျိုးအစား အငှားယာဉ်ဖြစ်ပြီး ယာဉ်မောင်းမှာ သင်္ဃန်းကျွန်းစံပြဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။

လုယက်ခံရမှုနှင့်ပတ်သတ်၍ သာကေတရဲစခန်း၌ အမှုဖွင့်ထားပြီး ယနေ့နံနက်ပိုင်းအထိ လုယက်သူများအား ဖမ်းမမိသေးကြောင်း သိရသည်။

ရန်ကုန်၌ ယခုနှစ်အတွင်း အငှားယာဉ်မောင်းများအား သတ်ဖြတ်၍ ယာဉ်လုယက်မှုများ မကြာခဏဖြစ်ပေါ် လျက်ရှိနေသည့်အတွက် တရားဥပဒေစိုးမိုးမှု အားနည်းနေသည့်အပေါ် ယာဉ်မောင်းများက ဝေဖန်ပြောဆိုလျှက်ရှိသည်။

မောင်ဇော်

Photo- Tharkayta Rescue Organization

#ယနေ့ခေတ်

ပုံစာ- ယမန်နေ့က သာကေတ၌ ယာဉ်လုယက်ခံရစဉ် တိုက်ခိုက်ခံရသူ

ရန်ကုန်၌ တစ်ရက်တည်း အငှားယာဉ်လုယက်ခံရမှု ၂ ကြိမ်ဖြစ်ပွား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.