ရန်ကုန်၊ ဇန်နဝါရီ ၁၀
ယခု ၂၀၂၄ ခုနှစ်၊ နှစ်အစပိုင်းတွင် ရန်ကုန်အိမ်ခြံမြေဈေးကွက်သည် အရောင်းအဝယ်အေးနေပြီး၊ အငှားပိုဖြစ်နေကြောင်း အိမ်ခြံမြေအကျိုးတော်ဆောင်များထံမှ သိရသည်။
“ ပြောရရင် အမြင့်ဈေးနဲ့ရပ်နေတယ်။ အေးနေတာပေါ့။ ရန်ကုန်ရဲ့အိမ်ခြံမြေဈေးကွက်မှာ များသောအားဖြင့် တိုင်းရင်းသားလူမျိုးတွေက လာဝယ်ကြတာ များပါတယ်။ သူတို့လည်း အခုလမ်းကြောင်းအခြေအနေတွေကြောင့် မလာနိုင်တော့တာလည်းပါတယ်။” ဟု ဆုလာဘ် အိမ်ခြံမြေအကျိုးတော်ဆောင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လတ်တလောတွင် ရန်ကုန်မြို့တွင်းရှိ မြို့နယ်အများစု၌ အိမ်ခြံမြေအရောင်းအဝယ် အေးနေသော်လည်း ဒဂုံမြို့သစ်(မြောက်ပိုင်း)နှင့် (အရှေ့ပိုင်း) မြို့နယ်တို့၌ လုံးချင်းအိမ်များ အရောင်းအဝယ်ဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။
“ အရောင်းအဝယ်ကတော့ တော်တော်လေးကိုအေးတယ်။ သူက မှန်းရခက်တယ်။ နှစ်သစ်ကူးကာလဖြစ်တာကြောင့်လည်းပါတာပေါ့။ ပြီးခဲ့တယ့်လကတည်းက အရောင်းအဝယ်က အေးသွားတာ။ နိုဝင်ဘာလထိတော့ အရောင်းအဝယ်က မှန်မှန်လေးသွားနေသေးတယ်။” ဟု ရွှေညီကို အိမ်ခြံမြေအကျိုးတော်ဆောင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် ငွေကျပ်သိန်းနှစ်ထောင်ကျော်မှ သိန်းတစ်သောင်းကျော်တန်ဖိုးရှိ အိမ်နှင့်ခြံများ အရောင်းအဝယ်ဖြစ်နေပြီး အဓိကအားဖြင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး၊ စီးပွားရေးလုပ်ကိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံရန် လွယ်ကူသည့်နေရာများ၌ အရောင်းအဝယ်ကောင်းနေခြင်းဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ – #စုစု
ရန်ကုန်အိမ်ခြံမြေ ဈေးကွက်အရောင်းအဝယ်အေး၊ အငှားပိုများ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်