ရန်ကုန်၊ ဒီဇင်ဘာ ၂၃
ရန်ကုန်အိမ်ခြံမြေဈေးကွက်သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်နှင့်နှိုင်းယှဥ်ပါက ၆၀ ရာခိုင်နှုန်းတိုးတက်လာကြောင်း အိမ်ခြံမြေအကျိုးတော်ဆောင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ရန်ကုန်အိမ်ခြံမြေဈေးကွက်သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်နှင့်နှိုင်းယှဥ်ပါက ၆၀ ရာခိုင်နှုန်းတိုးတက်လာကြောင်း၊ သီတင်းကျွတ်ကာလနောက်ပိုင်း အိမ်ခြံမြေဈေးကွက်သည် အေးစက်နေသော်လည်း နှစ်သစ်ကူးကာလတွင် အရောင်းအဝယ်ပြန်ဖြစ်နိုင်ကြောင်း အိမ်ခြံမြေအကျိုးတော်ဆောင်များက သုံးသပ်ထားသည်။
“အိမ်ခြံမြေဈေးကွက်မှာ ရှမ်းပြည်က အများဆုံးရင်းနှီးမြှုပ်နှံတယ်။ မြေကွက်ကိုအများဆုံးဝယ်ကြတယ်။ ပြီးရင် အထပ်မြင့်အဆောက်အဦးတွေဆောက်တယ်။ Resident ဆောက်ကြတယ်။ လုံးချင်းအိမ်တွေ၊ ကွန်ဒိုတွေကျတော့ အဝယ်ထက် အငှားပိုများတယ်။” ဟု အိမ်ခြံမြေအကျိုးတော်ဆောင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အိမ်ခြံမြေဈေးကွက်သည် ဒေါ်လာအတတ်အကျပေါ်မူတည်၍ လိုက်ပါလှုပ်ခတ်လေ့ရှိပြီး လက်ရှိတွင် ဒေါ်လာဈေးသည် ၄၀၀၀ ပတ်ချာလည်အတွင်း ဈေးငြိမ်နေသည့်အတွက် အိမ်ခြံမြေဈေးကွက်သည်လည်း အေးနေခြင်းဖြစ်နိုင်ကြောင်း သိရသည်။
လက်ရှိတွင် တောင်ဒဂုံ၊ မြောက်ဒဂုံမြို့နယ်ရှိ မြေကွက်များကို ရှမ်းပြည်ဘက်မှအဝယ်များပြီး၊ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ သာကေတနှင့် တာမွေ၊ ကျောက်မြောင်းဘက်ရှိ တိုက်ခန်းများကို ရခိုင်ဘက်မှလာသည့် စစ်ဘေးရှောင်များက အငှားများကြောင်း သိရသည်။
“ အဝယ်ကတော့ ရှမ်းတရုတ်တွေကပိုများတယ်။ ရှမ်းမြောက်ဘက်ကလာတဲ့သူတွေပေါ့။ ရခိုင်ဘက်ကကျတော့ အဝယ်မရှိဘူး။ အငှားများတယ်။” ဟု ၎င်းကဆက်လက်ပြောကြားသည်။
သတင်း/ဓာတ်ပုံ- #စုစု
ရန်ကုန်အိမ်ခြံမြေဈေးကွက်သည် ပြီးခဲ့သည့်နှစ်ကထက် ၆၀ ရာခိုင်နှုန်းတိုးတက်လာ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်