ရန်ကုန်အပါအဝင် တိုင်းနှင့် ပြည်နယ်ငါးခုတွင် နေရာကွက်ကျားမိုးရွာမည်

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ရန်ကုန်အပါအဝင် တိုင်းနှင့် ပြည်နယ်ငါးခုတွင် နေရာကွက်ကျား မိုးရွာသွန်းမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့ ဒီဇင်ဘာ ၁၆ ရက် မြန်မာစံတော်ချိန် မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်အချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေကြောင်း၊ အဆိုပါ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မနက်ဖြန်(ဒီဇင်ဘာ ၁၇ ရက်)နံနက်အထိ ခန့်မှန်းချက်များအရ တနင်္သာရီတိုင်းတွင် နေရာကျဲကျဲနှင့် ပဲခူးတိုင်း၊ ရန်ကုန် တိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း၊ အရှေ့ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား မိုးရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

“ဒီဇင်ဘာ ၂၁ ရက်၊ နံနက်ပိုင်းမှ ဒီဇင်ဘာ ၂၄ ရက်၊ နံနက်ပိုင်းအထိ ၃ ရက်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့တွင် မိုးအနည်းငယ်မှ မိုးအသင့်အတင့်ရွာနိုင်ပါမည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တွင် မိုးအသင့်အတင့်မှ မိုးများနိုင်ပါမည်။ ချင်းပြည်နယ်တွင် ၂၄ နာရီအတွင်း မိုးရေချိန် ၁၂၃ မီလီမီတာ – ၄ ဒသမ ၈၄ လက်မအထိ ရွာနိုင်ပါသည်။” ဟု မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်ကလည်း လူမှုကွန်ရက်စာမျက်နှာတွင် ခန့်မှန်းချက်ထုတ်ပြန်ထားသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာနိုင်ကာ အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက်နှစ်ရက်အတွင်း အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးကမ်းခြေသို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကလည်း ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းအရှိန်ကြောင့် ဧရာဝတီတိုင်းအပါအဝင် တိုင်းနှင့် ပြည်နယ် ၇ ခုတွင် အချိန်အခါမ ဟုတ် မိုးရွာသွန်းသည့်ဒဏ်ကြောင့် ပဲအပါအဝင် သီးနှံများရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။

#ခန့်ခန့်

ဓာတ်ပုံ – မိုး/ဇလ

#ယနေ့ခေတ်

ရန်ကုန်အပါအဝင် တိုင်းနှင့် ပြည်နယ်ငါးခုတွင် နေရာကွက်ကျားမိုးရွာမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.