ရန်ကုန်သာမက ဒေသအသီးသီးတွင်လည်း စက်သုံးဆီဝယ်ယူရ ခက်ခဲနေ

ရန်ကုန်၊ ဒီဇင်ဘာ ၈

ယနေ့တွင် ရန်ကုန်မြို့၌သာမက ဒေသအသီးသီးတွင်လည်း စက်သုံးဆီဝယ်ယူရ ခက်ခဲနေကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်း၌စ၍ ဒေသအသီးသီးတွင် စက်သုံးဆီဝယ်ယူရ ခက်ခဲမှုများ ဖြစ်ပေါ်လျက်ရှိပြီး ယနေ့တွင်လည်း စက်သုံးဆီရရှိနိုင်ရန် ရန်ကုန်မြို့အပါအဝင် ဒေသအသီးသီးရှိ ဆီဆိုင်များတွင် နာရီနှင့်ချီကာတန်းစီစောင့်ဆိုင်းနေရကြောင်း သိရသည်။

ယနေ့နံနက်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ စက်သုံးဆီဆိုင်များ၌ ဆီဝယ်ယူရန်တန်းစီစောင့်ဆိုင်းနေသူ သောင်းချီ၍ရှိကြောင်း သိရသည်။

“ မနက်မိုးမလင်းခင်ထဲက တန်းစီနေကြတာ။ မောရဝတီပန်းခြံရှေ့က DENKO ဆီဆိုင်ရှေ့မှာဆို မနက် ၉ နာရီလောက်က ဆီတန်းစီတဲ့ ဆိုင်ကယ်အစီးရေ တစ်သောင်းလောက် တောင်ရှိမယ်။ ကိုယ့်အလှည့်ရောက်ဖို့ သုံး၊ လေး နာရီလောက်စောင့်ရတယ်။ ဒါတောင် လိုသလောက်ဝယ်မရဘူး။” ဟု မော်လမြိုင်မြို့ ၌ နေထိုင်သူတစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌လည်း ယနေ့နံနက်တွင် စက်သုံးဆီရရှိ ရန် တန်းစီစောင့်ဆိုင်းနေသူ ထောင်ချီရှိပြီး ဆီဆိုင်အနည်းငယ်တွင်သာ စက်သုံးဆီရောင်းချကြောင်း သိရသည်။

“ အာသောက ဆီဆိုင်မှာပဲ ဆီရတယ်။ ကျန်တဲ့ဆိုင်တွေမှာတော့မရဘူး။ တန်းစီနေတဲ့ကားတွေက ပြည်နယ်လဝကရုံးရှေ့အထိရောက်တယ်။ ဒါတောင် 95 တစ်မျိုးပဲဝယ်လို့ရတယ်။” ဟု လားရှိုးမြို့၌နေထိုင်သူတစ်ဦးက ပြောသည်။

အလားတူ မန္တလေးမြို့၌လည်း စက်သုံးဆီရရှိရန် နာရီနှင့် ချီ၍ စောင့်ဆိုင်းနေရပြီး ဆိုင်အချို့တွင်သာ ဝယ်ယူ၍ ရရှိကြောင်း သိရသည်။

“ မန္တလေးမှာလဲ နေရာတော်တော်များများမှာ ဆီဝယ်လို့မရဘူး။ အခုဆို ပြင်ပစျေးကွက်တောင် ဖြစ်နေတယ်။ ရေသန့်ဗူးနဲ့ ရောင်းနေတာ တစ်လီတာကို လေး၊ ငါးထောင်လောက် ရှိတယ်။” ဟု မန္တလေးမြို့၌ နေထိုင်သူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့၌လည်း ယနေ့နံနက်တွင် စက်သုံးဆီဆိုင်အများစု၌ ကားအစီးရေရာချီ၍ ဆီရရှိရန် နာရီနှင့်ချီလျက် စောင့်ဆိုင်းလျက်ရှိနေကြောင်း သိရသည်။

“ မနက် ၄ နာရီထဲက လာစောင့်နေတာ။ မနက်စာလည်း ကားပေါ်မှာပဲ စားရတယ်။ ကိုယ့်အလှည့်ရောက်မှ ဆီပြတ်သွားမှာကို ကြောက်နေတာ။” ဟု ရန်ကုန်မြို့၌နေထိုင်သူတစ်ဦးက ပြောသည်။

ထိုသို့ ဒေသအသီးသီးတွင် စက်သုံးဆီဝယ်ယူရ ခက်ခဲနေသော်လည်း နစကမှ သတင်းထုတ်ပြန်ရာတွင် ဆီပြတ်လပ်မှုမရှိကြောင်းနှင့် သီလဝါဆိပ်ကမ်းတွင် ဆီသင်္ဘောများရောက် ရှိနေကြောင်း ထုတ်ပြန်ထားသည်။

ရန်ကုန်မြို့ရှိ စက်သုံးဆိုင်များတွင် ယနေ့နံနက်ပိုင်း၌ သီလဝါတွင် ဆီသွားရောက်ထုတ်ယူနေ၍ ဆီရရှိပါကရောင်းချပေးမည်ဟု ဗွီနိုင်းဆိုင်းဘုတ်များကပ်ထားသည်ကို တွေ့ရသည်။

ယနေ့တွင် ရန်ကုန်မြို့၌ ၉၂ အမျိုးအစား ဓာတ်ဆီတစ်လီတာလျှင် ၂၄၆၅ ကျပ်၊ ၉၅ အမျိုးအစား ဓာတ်ဆီတစ်လီတာလျှင် ၂၅၇၅ ကျပ်နှင့် ဒီဇယ်တစ်လီတာလျှင် ၂၂၁၅ ကျပ် စသည်ဖြင့် စျေးနှုန်းအသီးသီးရှိကြောင်း ရည်ညွှန်းစျေးနှုန်းအရ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်းကလည်း ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အများစုတွင် ဆီပြတ်လပ်နေသည်ဆိုကာ ရောင်းချပေးမှုမရှိ၍ လူထုအကြား အခက်အခဲ များ ကြုံတွေ့ခဲ့ရသည်။

#မောင်ဇော်

ဓာတ်ပုံ- မောင်ဇော်၊ စီဂျေ

ပုံစာ- ယနေ့တွင် ရန်ကုန်၊ မော်လမြိုင်နှင့် လားရှိုးမြို့တို့၌ စက်သုံဆီ တန်းစီ၍ ဝယ်ယူနေကြစဉ်

#ယနေ့ခေတ်

ရန်ကုန်သာမက ဒေသအသီးသီးတွင်လည်း စက်သုံးဆီဝယ်ယူရ ခက်ခဲနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.