ရန်ကုန်၊ နိုဝင်ဘာ ၆
ရန်ကုန်လေဆိပ်၌ ကျပ်သိန်းပေါင်း လေးသောင်းနီးပါးတန်ဖိုးရှိသော ရွှေတုံးများဖမ်းမိပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်နေကြောင်း နိုင်ငံပိုင် မီဒီယာ၌ ယနေ့ သတင်းထုတ်ပြန်ထားသည်။
နိုဝင်ဘာ ၄ ရက်က ရန်ကုန်လေဆိပ်ရှိ လေဆိပ်(သွင်းကုန်)၌ ခရီးသည်သုံးဦး၏ ဝန်စည်များအတွင်းမှ အဆိုပါ ရွှေတုံးများနှင့်အတူ iPhone 15 ProMax ၂၅၉ လုံးနှင့် အမေရိကန် ဒေါ်လာ တစ်သိန်းနှစ်သောင်းတို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။
“ Gold 999.9 1Kilo စာတန်းပါ၊ တစ်တုံးကို အလေးချိန် ၁ ကီလိုဂရမ်ရှိတဲ့ ရွှေတုံး ၁၆ တုံး၊ iphone 15 ProMax ၂၅၉ လုံးနဲ့ ဒေါ်လာ တစ်သိန်းနှစ်သောင်းကို တရားဝင်အထောက် အထား တင်ပြနိုင်ခြင်းမရှိလို့ သိမ်ဆည်းပြီး အရေးယူဆောင်ရွက်လိုက်တာ။” ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါပစ္စည်းများအား အကောက်ခွန်ဦးစီးဌာနမှ သိမ်းဆည်း၍ လေဆိပ်ရဲတပ်ဖွဲ့မှ အမှုဖွင့်ဆောင်ရွက်မည်ဟု သိရသည်။
ထို့ပြင် နိုဝင်ဘာ ၃ ရက်တွင် ရန်ကုန်အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်းတွင် ကုန်သေတ္တာတစ်လုံးအတွင်း သွင်းကုန်လိုင်စင်မရှိပဲ တင်သွင်းလာသည့် ကျပ်သိန်းပေါင်း ၃၀၀၀ နီးပါးတန်ဖိုးရှိသော Wellman အားဆေးဗူး တစ်သောင်းကျော်အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရန်ဆိုကာ လေဆိပ်များ၊ ဆိပ်ကမ်းများနှင့် စစ်ဆေးရေးဂိတ်များတွင် ပူးပေါင်းအဖွဲ့များက ကုန်စည်များကို နေ့စဉ်စစ်ဆေးလျက်ရှိပြီး သယ်ဆောင် ခွင့်လိုင်စင် (သို့မဟုတ်) အထောက်အထား တင်ပြနိုင်ခြင်းမရှိပါက ကုန်ပစ္စည်းများအား သိမ်းဆည်းပြီး သယ်ဆောင်လာသူအား ဖမ်းဆီးခြင်းများပြုလုပ်ကြောင်း ကုန်စည်ပို့ဆောင် ရေး ဝန်ဆောင်မှုလုပ်ကိုင်သူများထံမှ သိရသည်။
ဓာတ်ပုံ – နိုင်ငံပိုင်မီဒီယာ ၊ စီဂျေ
ရန်ကုန်လေဆိပ်၌ ကျပ်သိန်းပေါင်း လေးသောင်းနီးပါးတန်ဖိုးရှိ ရွှေတုံးများဖမ်းမိ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်