ရန်ကုန်၊ နိုဝင်ဘာ ၂၄
ရန်ကုန်မြို့ရှိ ကျောင်းများတွင် တပ်စွဲထားခြင်းမရှိပဲ ကောလာဟလ သတင်းများသာဖြစ်ကြောင်း ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် သတင်းဖော်ပြထားသည်။
ရန်ကုန်မြို့ရှိကျောင်းများတွင် တပ်များက ဝင်ရောက်တပ်စွဲထားခြင်းကြောင့် ကျောင်းများပိတ်လိုက်ရကြောင်း၊ ကျောင်းများတွင် လုံခြုံရေးစိုးရိမ်ရကြောင်း သတင်းများထွက်ပေါ် လျက် ရှိသော်လည်း ထိုအရာများမှာ ကောလာဟလများသာဖြစ်ကြောင်း နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံပိုင်မီဒီယာသို့ ပြောကြားကြောင်း သိရသည်။
“ ဒီသတင်းနဲ့ပတ်သတ်ပြီး မှန်ကန်မှုမရှိပါဘူး။ အခြေအမြစ်လည်း မရှိပါဘူး။” ဟု ၎င်းကပြောကြားကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်မြို့၌ ပေါ်တာဆွဲနေသည် ဆိုသည်မှာလည်း ကောလာဟလများသာဖြစ်ပြီး၊ ရန်ကုန်မြို့တွင် ပုံမှန်ကင်းလှည့်ခြင်းသာ ဆောင်ရွက်လျက်ရှိကြောင်း ၎င်းကပြောသည်။
ယခုရက်ပိုင်းတွင် ရန်ကုန်မြို့၌ ညပိုင်းအချိန်များတွင် လူငယ်များအား ပေါ်တာဆွဲခြင်းနှင့် စာသင်ကျောင်းများတွင် တပ်စွဲထားခြင်းများရှိကြောင်း အတည်မပြုနိုင်သောသတင်းများ ထွက်ပေါ်ပြီးနောက် လူငယ်များနှင့် ကျောင်းသားမိဘများအကြား စိုးရိမ်မှုများ မြင့်တက်ခဲ့သည်။
“ တစ်နေ့၊ တစ်နေ့ သတင်းတွေက အမျိုးမျိုးဆိုတော့ ကလေးကိုကျောင်းပို့ရမှာလား၊ အိမ်မှာပဲ ထားရမှာလားဆိုတာ တော်တော်စဉ်းစားရတယ်။ ကလေးကျောင်းသွားနေတဲ့ ရက် တွေဆိုလည်း သတင်းတွေကို နားစွင့်ထားရတယ်။ တစ်ခုခုဆို အမြန်ဆုံးသွားခေါ်နိုင်အောင်လေ။ ဟိုရက်ကလည်း ရန်ကင်းဘက်က စာသင်ကျောင်းတွေမှာ တပ်စွဲထားလို့ ကလေး တွေပြန်ခေါ်နေပြီဆိုတဲ့ သတင်းကြောင့် ကျောင်းသားမိဘတွေလည်း အကုန်စိတ်ပူကုန်တာ။” ဟု ရန်ကုန် မြို့၊ အလုံမြို့နယ်တွင်နေထိုင်သူ ကျောင်းသားမိဘတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ထို့ပြင် သင်္ဃန်းကျွန်းမြို့နယ်တွင်နေထိုင်သူ ကျောင်းသားမိဘတစ်ဦးကလည်း “ ကျောင်းတွေမှာ တပ်စွဲထားတယ်ဆိုရင် ပစ်ကြခတ်ကြဖြစ်မှာကို မိဘတွေက ကြောက်ကြတာ။ တစ်ခုခုဖြစ်ခဲ့ရင် ကလေးကိုသွားခေါ်ဖို့ဆိုတာကလည်း မလွယ်ဘူးလေ။ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်တုန်းကဆို လုံခြုံရေးအတွက်ဆိုပြီး တချို့ ရပ်ကွက်တွေထဲက ကျောင်းတွေမှာ သူတို့ ရှိခဲ့တာဆိုတော့ အခုလိုသတင်းတွေ ထွက်နေတော့ မိဘတွေကလည်း စိုးရိမ်ကြတာပေါ့။” ဟု ပြောသည်။
ထို့ပြင် ရန်ကုန်မြို့၌ ပေါ်တာဆွဲနေသည်ဆိုသော ကောလာဟလသတင်းများကြောင့် လူငယ်များအကြား ညပိုင်းအပြင်မထွက်ရန် အချင်းချင်းသတိပေးမှု များရှိနေကြောင်း သိရ သည်။ ထိုကောလာဟလသတင်းများကြောင့် ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့တွင်း မြို့နယ်များ၌ပင် ည ၉ နာရီနောက်ပိုင်း၌ လမ်းပေါ် သွားလာသူနည်းပါးလျက်ရှိကာ စာသင် ကျောင်းများတွင်လည်း ကျောင်းတက်ချိန်များ၌ မိဘများက ကျောင်းသား၊ ကျောင်းသူများအား လာရောက်ခေါ် ယူခြင်းများရှိခဲ့ကြောင်း သိရသည်။
အောက်တိုဘာလကုန်မှ ယနေ့အထိ အချို့ဒေသများတွင် ပြင်းထန်သည့် တိုက်ပွဲများဖြစ်ပွားလျက်ရှိနေ၍ ရန်ကုန်မြို့ရှိ စာသင်ကျောင်းများတွင် တပ်စွဲထားခြင်းနှင့် ရှေ့တန်းစစ်မြေ ပြင်သို့ စေလွှတ်ရန် ပေါ်တာဆွဲခြင်းများရှိနေကြောင်း ကောလာဟလသတင်းများ ထွက်ပေါ်လျက်ရှိနေ၍ မြို့ခံများအကြား လုံခြုံရေးစိုးရိမ်မှုများ မြင့်တက်လျက်ရှိနေကြောင်း သိ ရသည်။
သတင်း၊ ဓာတ်ပုံ – #မောင်ဇော်
ပုံစာ – ရန်ကုန်မြို့ရှိ စာသင်ကျောင်းတစ်ကျောင်းအား တွေ့ရစဉ်။
ရန်ကုန်ရှိ ကျောင်းများတွင် တပ်စွဲထားခြင်းမရှိ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်