ရန်ကုန်၊ မတ် ၁၅
ရန်ကုန်မြို့ရှိ ရပ်ကွက်အချို့တွင် ယခုရက်ပိုင်း စစ်မှုထမ်းဆောင်ရန်အတွက် စာရင်းများလိုက်လံကောက်ခံနေကြောင်း ရန်ကုန်မြို့၌ နေထိုင်သူများက ယနေ့ခေတ်သို့ ပြောကြား သည်။
ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် စစ်မှုထမ်းဆောင်ရန် အသက်အကျုံးဝင်သူများကို ရပ်ကွက်အလိုက် စာရင်းကောက်ယူလျက်ရှိ၍ စာရင်းသွင်းရသူများ ရှိကြောင်း သိရသည်။
“ ကျွန်တော်တို့ရပ်ကွက်ထဲတော့ ဟိုနေ့က စာရင်းလာကောက်သွားတယ်။ သူတို့ပေးတဲ့ အချက်အလက်တွေ ဖြည့်ရမယ်ပြောလို့ ဖြည့်ပေးလိုက်ရတယ်။” ဟု ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်တွင်နေထိုင်သူ အသက် ၂၅ နှစ်အရွယ် လူငယ်တစ်ဦးက ပြောကြားသည်။
ထိုသို့ စာရင်းလိုက်လံကောက်ခံရာတွင် မြို့နယ်၊ ရပ်ကွက်အလိုက် တစ်နေရာနှင့်တစ်နေရာ ပုံစံမတူညီကြောင်းလည်း စာရင်းပေးသွင်းခဲ့ရသည့် လူငယ်အချို့က ပြောသည်။
“ ကျွန်တော်တို့ရပ်ကွက်ထဲတော့ ဟိုနေ့ညက ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေ အိမ်တိုင်ရာရောက် စာရင်းလိုက်ကောက်တယ်။ တခြားရပ်ကွက်တွေနဲ့ မတူတာက ကျွန်တော်တို့ဆီမှာက နာမည်စာရင်းနဲ့ အိမ်တိုင်ရာရောက်ကို ကောက်သွားတာ။ တခြားနေရာတွေဆို အိမ်မှာအသက်ပြည့်တဲ့လူ ရှိ၊ မရှိမေးပြီးမှကောက်တာ။ ကျွန်တော်တို့ဆီမှာတော့ နာမည်စာရင်း အတိအကျနဲ့ကို ကောက်တာ။” ဟု တောင်ဒဂုံမြို့နယ်တွင်နေထိုင်သူ လူငယ်တစ်ဦးက ပြောကြားသည်။
အလားတူ ဒေါပုံမြို့နယ်တွင်နေထိုင်သော အသက် ၂၃ နှစ်အရွယ် လူငယ်တစ်ဦးကလည်း “ ကျွန်တော်တို့ရပ်ကွက်ကျတော့ ရပ်ကွက်ရုံးက ဆင့်ခေါ်စာပုံစံမျိုး စာပို့တယ်။ သူတို့ဆွေးနွေးချင်လို့ လူကိုယ်တိုင် ဒါမှမဟုတ် မိသာစုဝင်တစ်ဦးဦး ရုံးကိုလာဖို့ စာပို့ထားတယ်။” ဟု ပြောကြားသည်။
သန်လျင်မြို့နယ်ရှိ ရပ်ကွက်အချို့တွင် ယမန်နေ့က စစ်မှုထမ်းဆောင်ရန် မြေပြင်စာရင်းကောက်ယူမှုများရှိကြောင်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
“ ပြည်သူ့စစ်မှုထမ်းဥပဒေအရဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး၊ ဆယ်အိမ်မှူးအပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အိမ်တိုင်ရာရောက် လူဦးရေစာရင်းနဲ့ သန်းခေါင်စာရင်း လိုက်လံကောက်ခံပါတယ်။ ပြီးတော့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ရှိတဲ့ အလုပ်လက်မဲ့သူတွေ စာရင်းကောက်ပါတယ်။ တစ်ရပ်ကွက်မှာ အနည်းဆုံး အသက် ၃၀ ထိရှိသူ ၃၀ ဦးကနေ ၅၀ ဦးထိရှိကြပါတယ်။ ၃၀ ဦးရှိတဲ့ ရက်ကွက်ဆိုရင် ၃ ဦးကို ဧပြီလမှာ မဲနှိုက်မယ်ပြောတယ်။ ၅၀ ဦးရှိတဲ့ ရပ်ကွက်ဆိုရင် ၅ ဦး မဲနှိုက်မယ်။ မဲပေါက်သူတွေကို မေလ ပထမအ ပတ်မှာ ကျန်းမာရေးစစ်ဆေးမယ်ပြောတယ်။ အောင်တဲ့သူက စစ်သင်တန်းတက်ရမယ်။ ကျတဲ့သူက မတက်ရပါဘူး။” ဟု သန်လျင်မြို့နယ်၊ မြို့သစ်အရှေ့ရပ်ကွက်မှ ရပ်ကွက်အုပ် ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ထိုသို့ စစ်မှုထမ်းဆောင်ရန် ဆင့်ခေါ်မှုများ ရှိနေသည်ဆိုသော သတင်းများကြောင့် မိဘအုပ်ထိန်းသူများအကြား စိုးရိမ်မှုများ မြင့်တက်လျက်ရှိနေကြောင်း သိရသည်။
“ သတင်းတွေက နေ့တိုင်းအမျိုးမျိုး ကြားနေရတာ။ ကျွန်မတို့ရပ်ကွက်ထဲတော့ ဒီလိုစာရင်းကောက်တာတွေ မရှိသေးပေမဲ့ အနီးအနားမြို့နယ်တွေမှာတော့ ကောက်နေပြီဆိုပြီး သတင်းတွေထွက်နေတာ။ မိဘဆိုတော့ ကိုယ့်သားသမီးကို စိုးရိမ်တာပေါ့။ တခုခုဆို ဘယ်မှလည်း လိုက်လို့ရမှာ မဟုတ်ဘူးလေ။ ဒီရက်ထဲ ကလေးတွေ အပြင်သွားမှာကိုတောင် စိုးရိမ်နေရတယ်။” ဟု လမ်းမတော်မြို့နယ်တွင်နေထိုင်သူ အိမ်ရှင်မတစ်ဦးက ပြောကြားသည်။
စစ်မှုထမ်းဆောင်ရန် စာရင်းကောက်နေကြောင်း ကိုယ်တိုင်ကြုံတွေ့သူများက ပြောဆိုမှုများရှိနေသော်လည်း ယမန်နေ့ ညပိုင်းက နစက၏ သတင်းထုတ်ပြန်ချက်တွင် ရန်ကုန်တိုင်းမြို့နယ်များရှိ ရပ်ကွက်၊ ကျေးရွာများမှ အမည်နှင့်တကွ ဆင့်ခေါ်စာများဖြန့်ဝေနေခြင်းနှင့် တချို့ရပ်ကွက်များတွင် လူငယ်များကို မဲနှိုက်ရွေးချယ်ပြီး လာရောက်ခေါ်ဆောင်သွားသည် ဆိုသည့် သတင်းများမှာ မှန်ကန်မှုမရှိကြောင်း ငြင်းဆိုခဲ့သည်။
ထိုသို့ နှစ်ဖက်ပြောဆိုမှုများ ရှိနေသည့်အပေါ် အငြိမ်းစားစစ်မှုထမ်းဟောင်းတစ်ဦးက သုံးသပ်ပြောကြားရာတွင် “ မြေပြင်မှာတော့ ရန်ကုန်ကတချို့ရပ်ကွက်တွေမှာ ဒီရက်ပိုင်း စာရင်းကောက်တာ၊ စာပို့အကြောင်းကြားတာတွေ လုပ်နေပြီလို့ သိရတယ်။ အဲ့ဒီစာတွေလည်း လိုင်းပေါ်မှာ ပျံ့နေတာအများကြီးပဲ။ စာရင်းအကောက်ခံရတဲ့ လူငယ်တွေကလည်း ဟုတ်မှန်ကြောင်းပြောတာတွေလည်း ရှိတယ်။ ဒါပေမဲ့ ဒီနေ့အထိ သတင်းထုတ်ပြန်ရေးအဖွဲ့နဲ့ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့တွေကတော့ မဟုတ်ကြောင်း ပြောနေတုန်းပဲ။ ဒါဆိုရင် မြေပြင်က ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေက ဘာလို့ကောက်နေတာလဲ။ အပေါ်ကအဖွဲ့နဲ့ မြေပြင်အုပ်ချုပ်ရေးအဖွဲ့တွေပဲ ချိတ်ဆက်မှုအားနည်းနေတာလား။ တချို့နေရာတွေမှာဆို ရပ်ကျေးအဖွဲ့တွေက စစ်မှုမထမ်းချင်တဲ့သူတွေကို ပိုက်ဆံတောင်းတာတွေ ရှိတယ်လို့လည်း ကြားရတယ်။ လောလောဆယ် မြေပြင်မှာစာရင်းကောက်ဖို့ အမှန်တကယ် မညွှန်ကြားထားဘူးဆိုရင် ဒါတွေကို အမြန်ဆုံးစိစစ်အရေးယူဖို့ လိုလိမ့်မယ်။” ဟု ပြောကြားသည်။
သတ်မှတ်ချက်နှင့် အကြုံးဝင်သူများ စစ်မှုမထမ်းမနေရစနစ်ဖြစ်သော ပြည်သူ့စစ်မှုထမ်းဥပဒေအား ဖေဖော်ဝါရီ ၁၀ ရက်မှစ၍ သတ်မှတ်ပြဌာန်းကြောင်း နစကက နိုင်ငံပိုင်မီဒီယာမှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့သည်။
ထိုဥပဒေတွင် အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈နှစ်မှ ၂၇ နှစ်အတွင်း၊ ကျွမ်းကျင်သူများဟု သတ်မှတ်ထားသည့် ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှု တတ်မြောက်သူတို့မှာ အမျိုးသားဖြစ်လျှင် အသက် ၄၅ နှစ်အတွင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၃၅ နှစ်အတွင်းရှိသူများ စစ်မှုထမ်းဆောင်ရမည်ဟု သိရသည်။
စစ်မှုထမ်းရန်အတွက် သာမာန်အခြေအနေဆိုပါက လူတစ်ဦးလျှင် နှစ်နှစ်ဖြစ်ပြီး၊ ကျွမ်းကျင်သူဟု သတ်မှတ်ခံရပါက သုံးနှစ်အထိ စစ်မှုထမ်းရမည်ဖြစ်ကာ အရေးပေါ် အခြေအနေဖြစ်ပေါ်ပါက ငါးနှစ်အထိ သတ်မှတ်နိုင်ကြောင်း သိရသည်။
သတ်မှတ်ထားသည့်အချိန်တွင် ဥပဒေနှင့် အကျုံးဝင်သူများအား သက်ဆိုင်ရာမှဆင့်ခေါ်မည်ဖြစ်ကာ ပျက်ကွက်ပါက ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်နိုင်ကြောင်း သိရသည်။
လက်ရှိတွင် ထိုဥပဒေအား ပြဌာန်းခဲ့ပြီးနောက် ကာကွယ်ရေးဝန်ကြီးဦးဆောင်သည့် စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို ဖွဲ့စည်းခဲ့ကာ ပြည်နယ်နှင့်တိုင်းအဆင့် အဖွဲ့များကိုလည်း ဆက်လက်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
လာမည့်သင်္ကြန်ကာလအပြီးတွင် သင်တန်းစတင်ဖွင့်လှစ်မည်ဖြစ်ကာ၊ တစ်လလျှင် လူ ၅၀၀၀ နှုန်းနှင့် တစ်နှစ်လျှင် လူခြောက်သောင်းခန့်အား ခေါ်ယူမည်ဟု နစကပြောရေးဆိုခွင့်ရှိသူက ပြီးခဲ့သည့်လက ပြောကြားထားပြီး၊ ယခုရက်ပိုင်းအတွင်း ရန်ကုန်ရှိ မြို့နယ်အချို့တွင် လူစာရင်းများ လိုက်ကောက်နေကြောင်း သတင်းများ ထွက်ပေါ်နေခြင်းဖြစ်သည်။
နိုင်ငံတဝန်း တိုက်ပွဲများပြင်းထန်နေစဥ် စစ်မှုမထမ်းမနေရစနစ်အား ဆောင်ရွက်မှုကြောင့် လူထုအကြားဝေဖန်မှုများ မြင့်တက်လျက်ရှိပြီး လူငယ်များ စိုးရိမ်လျက်ရှိနေကြောင်း သိရသည်။
#မောင်ဇော်၊ #မြင့်မြတ်အောင်မြင်
ဓာတ်ပုံ – စီဂျေ (ပုံဟောင်းများဖြစ်သည်။)
ရန်ကုန်မြို့ ရပ်ကွက်အချို့တွင် ယခုရက်ပိုင်း စစ်မှုထမ်းရန် စာရင်းလိုက်ကောက်နေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်