ရန်ကုန်၊ နိုဝင်ဘာ ၁၆
ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အမှတ်(၂၄/C)၊ နတ်မောက်ရိပ်သာလမ်း၊ ဆရာစံရပ်ကွက်တွင် တရားမဝင် ဆေးဝါးများကို အသုံးပြု၍ တရားမဝင် မျက်နှာခွဲစိတ်ကုသပေးသည့် ဆေး ခန်းကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
နိုဝင်ဘာလ ၁၄ ရက်တွင် လူမှုကွန်ရက်စာမျက်နှာပေါ်၌ ကြော်ငြာထားသည့် Saigon Beauty & Luxury Clinic လုပ်ငန်းမှ Aesthetic လုပ်ငန်းများဖြစ်သည့် နှာခေါင်းခွဲစိတ်မှုများ၊ မျက်ရစ်နှင့် နှုတ်ခမ်းခွဲစိတ်မှုများကို ပြုလုပ်ပေးလျက်ရှိကြောင်း ကြော်ငြာထားသဖြင့် သက်ဆိုင်ရာမှ ရှောင်တခင် ဝင်ရောက်စစ်ဆေးရာ တရားမဝင် ဆေးဝါးများ အသုံးပြု၍ တရားမဝင် မျက်နှာခွဲစိတ်ပြုပြင်မှုများ ပြုလုပ်နေသည့် ဗီယက်နမ်နိုင်ငံသားတစ်ဦးနှင့် မြန်မာနိုင်ငံသား ဆရာဝန်တစ်ဦးပါဝင်သည့်အဖွဲ့ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီမှာက မျက်နှာအလှအပအတွက် တရားဝင်ကုသပေးနေတဲ့ ဆေးခန်းတွေလည်းရှိသလို တရားမဝင် ကုသပေးနေတဲ့ ဆေးခန်းတွေလည်းရှိတယ်။ ကျွန်မတို့က တရားဝင်လိုင်စင်နဲ့ မျက်နှာအလှအပအတွက် သဘာဝဆေးနည်းတွေနဲ့ ကုသပေးတယ်။ ခွဲစိတ်တာမျိုးတော့ မလုပ်ပေးဘူး။” ဟု ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသည့် မျက်နှာအလှအပ ကုသပေးသည့် ဆေးခန်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် ဆေးကုသခွင့်လိုင်စင်မရှိဘဲ တရားမဝင် မျကနှာခွဲစိတ်ပေးခြင်းနှင့် တရားမဝင် ဆေးဝါးများ အသုံးပြုသည့် ဗီယက်နမ်နိုင်ငံသားနှင့် မြန်နိုင်ငံသား ဆရာဝန်တစ်ဦး နှင့်အဖွဲ့ကို မြန်မာနိုင်ငံဆေးဝါးဥပဒေ၊ မြန်မာနိုင်ငံဆေးကောင်စီ ဥပဒေနှင့် ပုဂ္ဂလိက ကျန်းမာရေးဆိုင်ရာ ဥပဒေများဖြင့် မြို့နယ်ကျန်းမာရေးဉီးစီးဌာနမှူးမှ တရားလိုပြုလုပ်၍ ဗဟန်းမြို့နယ်ရဲစခန်း၌ အမှုဖွင့်လှစ်ဆောင်ရွက်ထားကြောင်း သိရသည်။
ဓာတ်ပုံ – ကျန်းမာရေးဝန်ကြီးဌာန
ရန်ကုန်မြို့၌ တရားမဝင် မျက်နှာခွဲစိတ်ပေးသည့် ဆေးခန်းတစ်ခုကို ဖမ်းဆီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်