ရန်ကုန်၊ ဇွန် ၁၄
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ မေလအထိ ငါးလအတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ လူဦးရေ ၃၇၇ ဦးရှိခဲ့ပြီး၊ သေဆုံးသူတစ်ဦးရှိခဲ့ကြောင်း ဇွန် ၁၃ ရက် နေ့စွဲဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
“ ရန်ကုန်တိုင်းထဲမှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကနေ မေလအထိ သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားသူ ၃၇၇ ဦးရှိပါတယ်။ အဲဒီအထဲမှာ လူတစ်ဦးသေဆုံးသွားပါတယ်။” ဟု ကျန်းမာ ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ယခုနှစ်အတွင်း မွေးကင်းစကလေးငယ်များမှ တစ်နှစ်အရွယ်အထိ ကလေးငယ် ၃၅ ဦး သွေးလွန်တုတ်ကွေးရောဂါ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အလားတူ အသက်နှစ်နှစ်အရွယ်ကလေးငယ်များမှ အသက်လေးနှစ်အရွယ်ကလေးအထိ သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားသူ ၈၃ ဦးရှိခဲ့ပြီး၊ အသက်ငါးနှစ်အရွယ်မှ အသက်ကိုးနှစ်အထိ ကလေးငယ် ၁၅၂ ဦးဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့ပြင် အသက် ၁၀ နှစ်အရွယ်မှ အသက် ၁၄ နှစ်ထိ သွေးလွန်တုတ်ကွေးရောဂါဖြစ်ပွားသူ ၇၆ ဦးရှိခဲ့ပြီး၊ အသက် ၁၅ နှစ်အရွယ် ၃၅ ဦး၊ စုစုပေါင်းရောဂါဖြစ်ပွားသူလူဦးရေ ၃၇၇ ဦးအထိရှိကြောင်း၊ ၄င်းတို့အနက်မှ တစ်ဦးသေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အများဆုံးမြို့နယ်သည် ဒဂုံမြို့သစ်(တောင် ပိုင်း)မြို့နယ်ဖြစ်ပြီး၊ ဒုတိယအများဆုံးမြို့နယ်မှာ မရမ်းကုန်းမြို့နယ်ဖြစ်ကြောင်း သိရသည်။
မြင့်မြတ်အောင်မြင်
ဓာတ်ပုံ – ကျန်းမာရေးဝန်ကြီးဌာန
ရန်ကုန်မြို့၌ ငါးလအတွင်း သွေးလွန်တုပ်ကွေးရောဂါကြောင့် လူတစ်ဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်