ရန်ကုန်၊ ဒီဇင်ဘာ ၁၁
ပြီးခဲ့သည့် နိုဝင်ဘာလတွင် နစကဥက္ကဌ၏ ၁၀ ရက်ကြာ တရုတ်ခရီးစဉ်ပြီးနောက်ပိုင်း ရပ်ဆိုင်းထားသည့် ရန်ကုန်မြို့သစ်စီမံကိန်းကို ပြန်လည်စတင်မည်ဖြစ်ကြောင်း စီမံကိန်းနှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။
ယင်းစီမံကိန်းကို ၂၀၂၅ ခုနှစ်၊ နှစ်လယ်ပိုင်းတွင်စတင်ရန် မျှော်မှန်းထားပြီး ပြည်တွင်းရှိ နာမည်ကြီးလုပ်ငန်းရှင်တစ်ဦး လုပ်ကိုင်ခွင့်ရရှိထားကြောင်း သိရသည်။
“ စီမံကိန်းက အခုပြန်စဖို့လုပ်နေပြီ။ ဒါကလည်း တရုတ်ခရီးစဉ်ပြီးနောက်ပိုင်း ပြန်စဖြစ်တာလို့ ပြောလို့ရမယ်။ သိထားတာက ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကလည်း ဒီအ ခြေအနေတိုင်းဆို စလို့မရတော့ဘူး။ အဲဒီတော့ ရန်ကုန်မြို့သစ်စီမံကိန်းကိုစတင်ပြီး ရေနက်ဆိပ်ကမ်းပါ တစ်ခါတည်းလုပ်မယ်ဆိုပြီး သိရတယ်။” ဟု ရန်ကုန်မြို့သစ်စီမံကိန်းတွင်ပါဝင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ရန်ကုန်အနောက်ဘက်ကမ်းရှိ ဆိပ်ကြီးခနောင်တို၊ တွံတေး၊ လှိုင်သာယာ၊ ကြည့်မြင်တိုင်မြို့နယ်တို့မှ မြေဧက ၃၇၀,၀၀၀ ကျော်သုံးမည့် ရန်ကုန်မြို့သစ်စီမံကိန်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ရိုးမဘဏ်နှင့် FMI အိမ်ခြေမြေသူဌေး ဦးသိမ်းဝေက လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။
နစကလက်ထက် ၂၀၂၂ ခုနှစ်တွင် ဒါရိုက်တာအဖွဲ့ဝင်အချို့ကို အပြောင်းအလဲလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရန်ကုန်မြို့ သစ်စီမံကိန်းနယ်မြေမှာ စင်ကာပူနိုင်ငံထက် နှစ်ဆခန့်ကျယ်ပြီး၊ အမေရိကန်ဒေါ်လာ ၅ ဘီလျံ ကုန်ကျနိုင်မည်ဟု ခန့်မှန်းထားကာ၊ လူ ၂ သန်းကျော်အတွက် အ လုပ်အကိုင်ဖန်တီးပေးမည်ဖြစ်ကြောင်း NYDC က ယခင်အစိုးရလက်ထက်တွင် ပြောကြားထားသည်။
ရန်ကုန်မြို့သစ်စီမံကိန်းတွင် စက်မှုဇုန်၊ အိမ်ရာ၊ ဈေးဝယ်စင်တာ၊ အမြန်ရထား၊ ဘတ်စကား အစုံအလင်ထည့်သွင်း ၍ နည်းပညာသုံးစက်မှုမြို့သစ်အဖြစ် ဆောင်ရွက်မည်ဖြစ်သည်။
#စုစု
#ယနေ့ခေတ်
ရန်ကုန်မြို့သစ်စီမံကိန်း ပြန်လည်စတင်မည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်